မန်ချက်စတာမြို့အခြေစိုက် မန်စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာကတော့ ယနေ့မနက်မှာ ကစားသွားခဲ့ပြီး ရှက်ဖီးလ်ဝမ့်နမ့်စဒေးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ အက်စ်တွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဒဏ်ရာရရှိခဲ့တာပါ လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ရှက်ဖီးလ်ကို အဓိက တိုက်စစ်မှူး အဂူရိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှာ နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

Phto Credit: Talksport.com

မန်စီးတီးအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာတော့ မြို့ခံပြိုင်ဘက် မန်ယူအသင်းနဲ့အတူ မန်ချက်စတာဒါဘီပွဲစဉ်ကို အကြိတ်အနယ် ကစားကြရမှာဖြစ်ပြီး အဆိုပါပွဲမှာ အဓိက ကွင်းလယ်လူ ဒီဘရိုင်းအနေနဲ့ ပါဝင်ဖို့မသေချာဘူးလို့ ရှက်ဖီးလ်နဲ့ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသက်၂၈နှစ်အရွယ် ဒီဘရိုင်း ဟာ ယခုနှစ်ဘောလုံးရာသီမှာ မန်စီးတီး အသင်းအတွက် အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်ပြီး သူဟာ အမှတ်ပေးပွဲ ၂၆ပွဲကစားထားရာမှာ ၈ဂိုးသွင်းယူထားပြီး ၁၆ဂိုးအထိ ဖန်တီးပေးထားတာကြောင့် သူမပါဝင်နိုင်ပါက မန်စီးတီးအသင်းဟာ မန်ချက်စတာဒါဘီမှာ အနည်းငယ် ရုန်းကန်ရဖို့ ရှိနေပါတယ်။

Photo Credit: Talksport.com

ဒီဘရိုင်းရဲ့ ဒဏ်ရာအခြေအနေအပေါ် ဂွာဒီယိုလာက ” ကယ်ဗင်(ဒီဘရိုင်း)က ပခုံးမှာ ဒဏ်ရာရရှိနေပါတယ်။ သူက ကြံ့ခိုင်မှုမပြည့်ဝသေးပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ပွဲရဲ့ နောက်ဆုံးမိနစ် မှာ သူက ဆိုးရွားတဲ့ပုံစံတစ်ခုနဲ့ ပြုတ်ကျခဲ့ပြီး သူက ကျောဘက်မှာ ဒဏ်ရာတစ်ခုရခဲ့ပါတယ်။ အခုချိန်အထိတော့ သူဘယ်လောက် နားရမလဲဆိုတာ မသိသေးပါဘူး။ အရမ်းကြီးမဆိုးဝါးဖို့တော့ မျှော်လင့်ပါတယ်။ မန်ချက်စတာဒါဘီမှာ ပါဝင်နိုင်မလားဆိုတာကိုတော့ ကျွန်တော် မသိပါဘူး ” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီကိုတော့ တနင်္ဂနွေနေ့ည ၁၁နာရီမှာ ကစားကြမှာပဲ ဖြစ်ပါတယ်။