ဘယ်လ်ဂျီယံအသင်းနဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင် ကစားကြတဲ့ ယူရို၂၀၂၀ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ပြဿနာနဲ့ ရင်ဆိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းဟာ ယနေ့ည ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ အီတလီအသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဝင်ရောက် ကစားပေးနိုင်ဖို့ အခြေအနေ ကောင်းနေကြောင်း သိရပါတယ်။

ဘယ်လ်ဂျီယံအသင်းရဲ့ မရှိမဖြစ် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဘရိုင်းဟာ ပေါ်တူဂီအသင်းရဲ့ ကွင်းလယ်လူ ပယ်ဟင်ဟာနဲ့ ဘောလုံးယှဉ်လုရင်း အသေးစား ခြေကျင်းဝတ်ဒဏ်ရာ တခု ရရှိခဲ့တာ ဖြစ်ပြီး ကနဦးမှာ ဒီဘရိုင်းအနေနဲ့ အီတလီအသင်းနဲ့ ကစားမယ့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် ဒီဘရိုင်းရဲ့ ဒဏ်ရာဟာ ခပ်မြန်မြန်ပဲ ပြန်လည် သက်သာလာခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ လက်ရှိမှာ ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်နေပြီ ဖြစ်ကာ ယနေ့ညမှာ ကစားမယ့် အီတလီအသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင်လာနိုင်ကြောင်း Sky Sports Italy သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် မန်ဂိုင်တီက ဆိုပါတယ်။

ဒါပေမယ့် ဘယ်လ်ဂျီယံအသင်းရဲ့ နည်းပြဖြစ်သူ မာတီနက်ဇ်ကတော့ ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့ကြတဲ့ အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဟာဇက်တို့ အီတလီအသင်းနဲ့ပွဲကို ဝင်ရောက် ကစားနိုင်စွမ်း ရှိ ၊ မရှိကို ပွဲမကစားမီ နောက်ဆုံးပြုလုပ်မယ့် ကြံ့ခိုင်မှု စမ်းသပ်ရေး အစီအစဉ် ပြီးမှသာ ဆုံးဖြတ်နိုင်မှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

Photo Credit: Express

ဒီဘရိုင်းနဲ့ ဟာဇက်တို့ရဲ့ ကြံ့ခိုင်မှုအနေအထားနဲ့ ပတ်သတ်ပြီး မာတီနက်ဇ်က – “ကျွန်တော်တို့တွေ အချိန်လုပြီး ပြဿနာတွေကို ဖြေရှင်းနေရတယ် ဆိုတာ အားလုံးလည်း သိကြပါတယ်။ ကျွန်တော်တို့တွေ ဆုံးဖြတ်ချက် မချမီ နောက်ဆုံးအချိန်အထိ သူတို့ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ သူတို့တွေ ကစားနိုင်မလား ၊ မကစားနိုင်ဘူးလား ဆိုတာကို မနက်ဖြန်မှာ ကျွန်တော်တို့တွေ တွေ့ကြရမှာပါ။ အခုချိန်မှာတော့ သူတို့ရဲ့ အခြေအနေကို ကျွန်တော့်ဘက်က အတည်မပြုပေးနိုင်ပါဘူး” လို့ ပြောကြားခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဟာဇက်ကလည်း ဒီဘရိုင်းနည်းတူ ပေါ်တူဂီနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ဟာဇက် ရခဲ့တဲ့ ဒဏ်ရာဟာ ခြေသလုံးကြွက်သားဒဏ်ရာ ဖြစ်တာကြောင့် ဟာဇက်အနေနဲ့ အီတလီအသင်းနဲ့ ပွဲစဉ်ကို ပါဝင် ကစားနိုင်ဖွယ် မရှိကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဆိုထားပါတယ်။