မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာစီးတီး နဲ့ တော့တင်ဟမ်ဟော့စပါး အသင်း ပွဲစဉ်မှာတော့ စပါးအသင်းက အိမ်ကွင်းမှာပဲ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ စပါး အသင်းအတွက် အဖွင့်ဂိုးကိုတော့ လက်ရှိဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဆွန်ဟောင်မင် ကပဲ စောစောစီးစီး သွင်းယူပေးခဲ့ပါတယ်။ ထို့နောက်ဒုတိယပိုင်း ‌အရောက်မှာ တော့ လူစားဝင် ကစားသမား လိုဆယ်ဆို က အနိုင်ရလဒ်ကို ပိုမို သေချာစေနိုင်မယ့် သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် စပါး အသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၁ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင် က ဦးဆောင်ဂိုးသွင်းယူပြီး ပထမပိုင်းမှာပဲ မန်စီးတီးခံစစ်ကစားသမား လာပေါ်တီ က ချေပဂိုး ပြန်လည် သွင်းယူခဲ့ပေမယ့် ဒိုင်လူကြီးနဲ့ VAR က ဂျီးဆပ် ဘောလုံးထိန်းသိမ်းရာမှာ လက်နဲ့ ထိမိခဲ့တယ်ဆိုပြီး သွင်းဂိုးအဖြစ် သတ်မှတ်ပေးဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit: Express

အပြည်ပြည်ဆိုင်ရာဘောလုံးဘုတ်အဖွဲ့ ( IFAB ) ကနေ နောက်ဆုံး ပြဠာန်း ထားတဲ့ လက်ထိဘော လမ်းညွှန်ချက်မှာတော့ ပုခုံးရင်း နဲ့ လက်မောင်းရင်း က လက်ထိဘော ဖြစ်မဖြစ် ခွဲခြားချင်တဲ့ အခါမျိုးမှာဆိုရင် “ တီရှပ် လိုင်း ” ကို အသုံးပြုသင့်တယ်လို့ ဖော်ပြထားပါတယ်။ မန်းစီးတီး ရဲ့ ကွင်းလယ် ဖန်တီးရှင် ကယ်ဗင်ဒီဘရိုင်း ကတော့ ဂျီးဆပ် ရဲ့ လက်ထိဘောအပါ် ပွဲအပြီးမှာ စောဒက တတ်မှုတွေ ရှိခဲ့ပါတယ်။ “ အမှန်တိုင်း ပြောရရင် ကျွန်တော် စည်းမျဉ်းတွေကို မသိတော့ဘူး။ ဘောလုံးက လက်မောင်းအပေါ်ကို ထိခဲ့တယ်လို့ ကျွန်တော်ထင်တာ။ အဲ့ဒါက လက်ထိဘောဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘောလုံးက သူ့ရဲ့ ဒီနေရာ ကို ထိသွားတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ကျွန်တော် စည်းမျဉ်းတွေကို နားမလည်နိုင်တော့ပါဘူး။ ခင်ဗျား အနေနဲ့ မနက်ဖြန် ဒါမှ မဟုတ် နောက်တနေ့မှာ နားထောင်ကြည့်ရင် ဘယ်ချန်နယ်မှာမဆို ဒိုင်လူကြီးက အဲ့ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုပါလို့ ပြောနေလိမ့်မယ်။ အဲ့ဒါကြောင့် သိပ်တော့လည်း အရေးမပါတော့ ပါဘူး ”

Photo Credit: Express

“ ကျွန်တော် ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမား အဖြစ် ရပ်တည်နေတာ ၁၂ နှစ်ရှိပါပြီ။ ကစားသမား ဘဝ ပထမ ၉ နှစ်မှာ ဘာစည်းမျဉ်းစည်းကမ်း မှ မပြောင်းလဲခဲ့ပါဘူး။ အခုတော့ စည်းမျဉ်း တွေက အများကြီး ပြောင်းလဲ ကုန်ပြီ။ ဘာလို့လဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ ဘောလုံး ဆိုတာ ကောင်းတဲ့ ကစားပွဲတစ်မျိုးပါ။ စည်းမျဉ်း အသစ်တွေ ပြောင်းလဲတဲ့ သူက ကစားပွဲထဲမှာ ဝင်ရောက်ကစားနေတဲ့ သူမျိုးပဲ ဖြစ်သင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ မန်စီးတီး အသင်းအနေနဲ့ စပါးအသင်းထက် ပိုမို ဖိအားပေး ကစားနိုင်ခဲ့တယ်ဆိုပေမယ့် ရှုံးနိမ့်ခဲ့ရတဲ့ အပေါ်မှာလည်း အခုလို ဖွင့်ဟခဲ့ပါတယ်။ “ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အဆုံးသတ်တွေ မသေချာခဲ့ပါဘူး။ တော့တင်ဟမ် ကို အခွင့်အရေး သုံးကြိမ် လေးကြိမ် ပဲ ခွင့်ပြုပေးနိုင်ခဲ့တာ ကတော့ အတော်လေး ကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျား အနေနဲ့ ဂိုး ရှေ့မှာ မပြတ်သားရင် အဲ့ဒါက နောက်ကျသွား ပါလိမ့်မယ်။ ပထမပိုင်း သုံးပုံနှစ်ပုံမှာတော့ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီးမှာတော့ ပိုပြီး ခြေစွမ်းပြဖို့ လိုခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မကြာခင်မှာ အကောင်းဆုံးပုံစံ နဲ့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။