MySport Myanmar

ဘုန်းမောက်မှာ တစ်ရာသီတည်း ကစားခဲ့ပြီး ရီးယဲလ်ဆီ ရောက်ခဲ့တဲ့ ဟောက်ဆန်

ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီကမှ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းကနေ ဘုန်းမောက်အသင်းဆီ ယူရို(၁၅)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စပိန် လူငယ်နောက်ခံကစားသမားလေး ဒင်း ဟောက်ဆန်ကတော့ ဘုန်းမောက်မှာ တစ်ရာသီသာ ကစားခဲ့ရပြီးတဲ့နောက် ရီးယဲလ် မက်ဒရစ်အသင်းကြီးတီပါ ပြောင်းရွှေ့ခွင့်ရသွားခဲ့ပါတယ်။

ဧပြီလကမှ အသက်(၂၀)ပြည့်ထားခဲ့တဲ့ ဗဟိုခံစစ်ကစားသမားလေး ဟောက်ဆန်ဟာ မာလာဂါ လူငယ်အသင်းကနေ ဂျုဗင်တပ်စ် လူငယ်အသင်းဆီ ရောက်လာခဲ့ပြီး ဂျုဗင်တပ်စ်မှာ ကစားခွင့် သိပ်မပေးနိုင်လို့ ရိုးမားအသင်းဆီ တစ်ရာသီ အငှားချခဲ့ရင်း ၂၀၂၄ နွေမှာတော့ ဘုန်းမောက်ဆီ အပြီးသတ် ရောင်းချခဲ့ပါတယ်။

Photo Credit : Premier League

ဘုန်းမောက်အသင်းဆီ ရောက်ရှိချိန်မှာတော့ ဟောက်ဆန်ဟာ ပွဲကစားခွင့်တွေ ပိုမို ရရှိလာခဲ့ပြီး အသင်းအတွက်လည်း ခြေစွမ်းပြ ကစားပေးနိုင်ခဲ့လို့ ကလပ်အသင်းကြီးတွေကပါ သူ့ကို အပြိုင်အဆိုင် စိတ်ဝင်စားလာကြပါတယ်။ ဒါ့အပြင် ဟောက်ဆန်ဟာ စပိန်လက်ရွေးစင်အတွက်လည်း ရွေးချယ်ခံလာရပြီး ဒီနှစ်ထဲမှာပဲ (၂)ပွဲ ပါဝင်ထားခဲ့ရပါသေးတယ်။

ဘုန်းမောက်အတွက် ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း (၃၀)အထိ ပါဝင်ကစားပေးရင်း သွင်းဂိုး (၃)ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဟောက်ဆန်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာပါ ပါဝင်လာခဲ့ရသလို ချယ်လ်ဆီး မန်ယူနိုက်တက်တို့လို ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပါသေးတယ်။

Photo Credit : Opta Analyst

ဒါပေမယ့် ဒီစပိန်ကစားသမားလေးကို စပိန်အင်အားကြီး ကလပ်အသင်း ရီးယဲလ်က ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင်သန်း(၅၀) ယူရို(၅၉.၅)သန်းနဲ့ အရ ခေါ်ယူလိုက်ပြီး (၅)နှစ်စာချုပ်ပါ ချုပ်ဆိုလိုက်ပါတယ်။ ရီးယဲလ်က ဟောက်ဆန်ကို လာမယ့် ဇွန်လထဲမှာ ပုံစံသစ်နဲ့ ကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ စတင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ အသင်းရဲ့ ဝါရင့်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီနဲ့လည်း လက်တွဲဖြုတ်တော့မှာဖြစ်ပြီး ဒီနည်းပြကြီးနေရာမှာ ကစားသမားဟောင်း ဇာဘီ အလွန်ဆိုနဲ့ အစားထိုးမှာ ဖြစ်သလို အလွန်ဆို ရောက်မလာခင်မှာပဲ ရီးယဲလ်က လီဗာပူးလ် ညာနောက်ခံလူ ထရန့် အလက်ဆန်းဒါး အာနိုးကို အလွတ်နဲ့ ခေါ်ယူဖို့ပါ သဘောတူညီမှု ရထားပါသေးတယ်။

Exit mobile version