ဒီနှစ်ဘောလုံးရာသီမှာ အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းနဲ့လည်း နှစ်ရှည် စာချုပ်သက်တမ်းတစ်ရပ်ကို တိုးမြှင့်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆင်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်မှာ တစ်ပွဲမှကို မကစားရသေးပဲ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလားပွဲတွေမှာပဲ (၃)ပွဲအထိ ပါဝင်ထားရတာဖြစ်လို့ လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းကနေ အငှားနဲ့ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဒီကောလဟာလသတင်းတွေကိုတော့ ယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားဘက်ကနေ ငြင်းဆန်ပယ်ချလာခဲ့ပြီး သူတို့ရဲ့ဂိုးသမားဟန်ဒါဆန်က ယူနိုက်တက်မှာပဲ ဆက်လက်ရှိနေချင်တယ်လို့ပဲ ပြန်လည်တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဆိုးလ်ရှားက “ကျွန်တော်ကတော့ ဒင်းနဲ့ ဒေးဗစ်တို့ရဲ့ ပွဲထွက်ဂိုးသမားနေရာအတွက် အပြိုင်အဆိုင်ဖြစ်နေတာကို မြင်တွေ့ရတာ အရမ်းသဘောကျပါတယ်။ သူက ဒီမှာပဲ ဆက်လက်ရှိနေချင်သလို ယူနိုက်တက်အသင်းအတွက်ကိုလည်း ပါဝင်ကစားချင်နေသူပါ”

Photo Credit : The Busby Babe

“ကျွန်တော်တို့မှာ ပွဲတွေဘယ်လောက်အထိ ကစားရဦးမလဲဆိုတာ သင်တို့မသိကြဘူးလား။ သူက လေ့ကျင့်ခန်းအစီအစဉ်မှာဆိုရင်လည်း အကောင်းဆုံးလုပ်ဆောင်နိုင်တယ်။ လက်ရှိ သူရဲ့လက်စွမ်းတွေအရဆိုရင်လည်း အကောင်းဆုံးဂိုးသမားတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ အစ္စတန်ဘူလ်ဘာရှက်ဆီဟီအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ သူပါဝင်လာနိုင်မလားဆိုတဲ့အပေါ်မှာတော့ ကျွန်တော်ဘာမှ မပြောလိုသေးပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဂိုးသမား ဒင်းဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ (၂)ရာသီအထိ အငှားကစားသမားအဖြစ်နဲ့ ပါဝင်ကစားခဲ့ပြီး အတော်လေးကို လက်စွမ်းပြနိုင်ခဲ့ကာ အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာအောင် တွန်းပို့ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဆီ တန်းတတ်လာချိန်မှာလည်း အဆင့်(၉)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူရဲ့ပင်မကလပ်ဖြစ်တဲ့ ယူနိုက်တက်အသင်းက ဒင်းဟန်ဒါဆန်ကို အသင်းဆီ ပြန်လည်ခေါ်ယူခဲ့သလို နှစ်ရှည်စာချုပ်လည်း ချုပ်ဆိုဖြစ်ခဲ့ပေမယ့် အခုချိန်ထိ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဒင်းဟန်ဒါဆန်ကို အသုံးမပြုသေးပဲ ဖလားပြိုင်ပွဲတွေမှာသာ ပွဲထွက်ကစားစေပါတယ်။ လက်ရှိမှာတော့ ဒီဂိုးသမားလေးကို လိဒ်စ်ယူနိုက်တက်နဲ့ ဘရိုက်တန်အသင်းတို့ကနေ ပစ်မှတ်ထားလျက်ရှိနေပါတယ်။