လာမယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်သွားရဖွယ် ရှိလို့နေတဲ့ အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို ဥရောပကလပ်အသင်းများစွာကနေ အပြိုင်စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ စပါးအသင်းကလည်း ဒင်းဟန်ဒါဆန်ကို အရခေါ်ယူသွားချင်နေသလို ဂျာမန်ဘွန်ဒစ်လီဂါ ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ဒေ့ါမွန်ကလည်း ဒင်းဟန်ဒါဆန်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဂိုးသမားဖြစ်သူ ဒင်းဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက်အသင်းမှာ (၂)ရာသီအထိ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ပြီးနောက် ဒီရာသီမှ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ဒေးဗစ်ဒီဂီယာနဲ့ ပထမနေရာအတွက် အပြိုင်အဆိုင် ဖြစ်နေရသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်မှာတော့ ဒီဂီယာလောက် ပွဲထွက်ခွင့်တွေ သိပ်မရရှိသေးတာကြောင့် အသင်းကနေ ထွက်ခွာသွားဖွယ် ရှိလာခြဲ့့ပီး သူ့ကိုလည်း ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒင်းဟန်ဒါဆန်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတဲ့ ကလပ်အသင်းတွေထဲမှာ ယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ စပါးအသင်းက ထိပ်ဆုံးနေရာက ပါဝင်နေပြီး အသင်းနဲ့ လမ်းခွဲဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး ဟူဂိုလိုရစ်ရဲ့နေရာမှာ ဒင်းဟန်ဒါဆန်နဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ့မွန်အသင်းဘက်ကနေလည်း ဒင်းဟန်ဒါဆန်ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေလျက်ရှိပြီး ယူနိုက်တက်ဘက်ကနေသာ ရောင်းချသွားဖို့ရှိပါကာ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်သွားမှာလို့ သိရှိရပါတယ်။ ဒါပေမယ့် ဒင်းဟန်ဒါဆန်ဟာ ၂၀၂ဝခုနှစ် သြဂုတ်လကပဲ ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုထားတာဖြစ်လို့ သူ့ကို အလိုရှိနေတဲ့ အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေး အနည်းငယ်လောက်နဲ့ ကမ်းလှမ်းလို့ရမှာမဟုတ်ပဲ ယူနိုက်တက်ဘက်ကနေ သတ်မှတ်လာမယ့် တန်ကြေးမျိုးနဲ့သာ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ တစ်ခုရှိတာကတော့ စပါးနဲ့ ဒေါ့မွန်အသင်းတွေမှာ ယူနိုက်တက်ဘက်က စိတ်ဝင်စားနေတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ဒီကစားသမားတွေကို ကမ်းလှမ်းရာမှာ ဒင်းဟန်ဒါဆန်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ပူးတွဲကမ်းလှမ်းလာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားရနိုင်ပါတယ်။