မနေ့ညက အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်က မန်စီးတီး တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်ရဲ့ ပင်နယ်တီ ကန်သွင်းချက် အပါအဝင် မန်စီးတီးဘက်က ဂိုးရနိုင်လောက်တဲ့ ဂိုးကန်သွင်းချက်တွေကိုလည်း လက်စွမ်းပြ ကာကွယ်ခဲ့ရင်း အသင်းကို ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်း ပွဲအစပိုင်းမှာ အက်ဇီးက ပဲလေ့စ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ပွဲချိန်(၃၅)မိနစ်မှာ မန်စီးတီးဘက်က ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီး ဒီပင်နယ်တီကို ဟာလန်းက ကန်သွင်းမလို စီစဉ်ပြီးမှ အသင်းဖော် မာမွတ်ရှ်ကိုပဲ ကန်ခွင့်ပေးလိုက်ရာ မာမွတ်ရှ်ရဲ့ ကန်ချက်ရော ပြန်လျှံထွက်တဲ့ ဘောလုံးကို ဟာလန်း ပိတ်သွင်းတာကိုပါ ဒင်း ဟန်ဒါဆန်က ထပ်ဆင့် ကာကွယ်ခဲ့ပါတယ်။

Photo Credit : talkSPORT

ဟန်ဒါဆန်ဟာ ဒီကာကွယ်မှု မတိုင်ခင် ဂိုးဧရိယာအကျော်မှာ ဘောလုံးကို ထွက်ပုတ်ရင်း အဝါကတ်တောင် မပြခံရဘဲ ကံကောင်းခဲ့သလို ပွဲချိန်အတွင်းမှာလည်း အံ့မခန်း ကာကွယ်မှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီပင်နယ်တီ ကာကွယ်နိုင်မှုအပေါ် ဟန်ဒါဆန်က “ဒါက မယုံနိုင်စရာပါပဲ။ ဒီနေ့က ကျွန်တော်တို့နေ့ ဖြစ်လာလိမ့်မယ်လို့ ခံစားမိခဲ့ပါတယ်။ နည်းပြမှာ ကစားကွက်ရှိခဲ့ပြီး ကျွန်တော်တို့ အဲ့ဒါကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ဒီအောင်ပွဲနဲ့ ကျွန်တော်တို့ ထိုက်တန်ပါတယ်။”

“တကယ်လို့ ဟာလန်းသာ ကန်ခဲ့ရင် ဘယ်ဘက်ကို ကန်မလဲဆိုတာ ကျွန်တော် မသိနိုင်ဘူး။ ဒါပေမဲ့ မာမွတ်ရှ် ကန်မယ်ဆိုတော့ သူ ဘယ်ဘက်ကို ကန်မလဲဆိုတာ ကျွန်တော် သိနေတယ်။ ဒီဘောလုံးကို ကာကွယ်နိုင်မယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။” လို့ ဆိုပါတယ်။ ဒါ့အပြင် ဟန်ဒါဆန်က သူရဲ့ incident နဲ့ ပတ်သက်ပြီးတော့လည်း “ဘောလုံးက ကျွန်တော့် ဂိုးဧရိယာထဲ လိမ့်ဝင်လာတာ။ ကျွန်တော် အဆင်ပြေမှန်း သိပါတယ်။ မြက်ခင်းက နည်းနည်းခြောက်နေတော့ ဘောလုံးက ရပ်သွားတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဘယ်သူ ဂရုစိုက်မှာလဲ။” လို့ ဆိုခဲ့ပါတယ်။

Photo Credit : Goal

VAR ကနေ ဟန်ဒါဆန်အနေနဲ့ ဟာလန်းရဲ့ သေချာတဲ့ ဂိုးသွင်းခွင့်ကို ပိတ်ပင်ခဲ့သလားဆိုတာ ပြန်လည် စစ်ဆေးခဲ့ရပေမယ့် တိုက်စစ်မှူးဟာ ဘောလုံးကို ဂိုးပေါက်နဲ့ ဝေးရာဆီ ဆွဲယူသွားတယ်လို့ သုံးသပ်ခံခဲ့ရပြီး “ဖြစ်နိုင်ခြေရှိတဲ့ ဂိုးအခွင့်အရေး ဖြစ်ပေမယ့် သေချာတဲ့ ဂိုးအခွင့်အရေးတော့ မဟုတ်ဘူး” လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကတော့ အတော်လေး ပြောစရာ ဖြစ်ခဲ့သလို မန်စီးတီးအတွက်လည်း နစ်နာစရာ ဖြစ်ခဲ့ရပါတယ်။

ဒင်း ဟန်ဒါဆန်ကတော့ သူရဲ့ ပဲလေ့စ်အသင်းအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးသော အဓိက ဆုဖလားတစ်လုံးကို ရယူပေးနိုင်ခဲ့တဲ့အပြင် ဒီဖလားကြောင့် လာမယ့် ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကိုပါ ဆင်နွဲရတော့မှာဖြစ်လို့ ဒါကလည်း ပဲလေ့စ်အသင်းအတွက် ဥရောပပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပါဝင်ရတော့မှာ ဖြစ်ပါတယ်။