ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ တက်သစ်စ လူငယ် ဂိုးသမားလေး ဒင်းန်ဟန်ဒါဆန်နဲ့ မန်ယူအသင်းတို့ကြားမှာ ဆွေးနွေးနေတဲ့ စာချုပ်သစ် ချုပ်ဆိုမယ့် ကိစ္စရပ်ဟာ အောင်မြင်လား ၊ မအောင်မြင်ဘူးလား ဆိုတာကို မကြာမီမှာပဲ သိရှိကြရတော့မယ်လို့ သိရပါတယ်။ အသက်၂၃နှစ်အရွယ် အင်္ဂလန် လူငယ် ဂိုးသမား ဟန်ဒါဆန်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ဂိုးသမား တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ လက်ရှိ ဘောလုံးရာသီတို့မှာ ရှက်ဖီးလ် ယူနိုက်တက် အသင်းဆီ အငှားနဲ့ သွားရောက် ကစားရာကနေ ထိပ်တန်း လက်စွမ်းတွေကို ပြသထားနိုင်ခဲ့တာကြောင့် ထိပ်တန်း အသင်းကြီးတွေရဲ့ မျက်စိကျမှုကို ခံနေရသူ တစ်ဦးပါ။

Photo Credit: Team Talk

ဟန်ဒါဆန်ဟာ ငယ်ရွယ်စဉ်ကတည်းက မန်ယူအသင်းရဲ့ အကယ်ဒမီကို ရောက်ရှိခဲ့သူ တစ်ဦး ဖြစ်သလို မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်တာကြောင့် မန်ယူ အသင်းမှာ ကစားခွင့်ရဖို့ဟာ သူ့ရဲ့ အိမ်မက် ဖြစ်တယ်လို့ ဆိုထားသူ ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားဘဝ အနာဂတ်အတွက် မန်ယူအသင်း ကနေ ထွက်ခွာဖို့ လိုအပ်လာရင် ထွက်ခွာနိုင်တဲ့ ကစားသမား တစ်ဦးပါ။ လတ်တလောမှာတော့ မန်ယူအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်တဲ့ ဒီဂီယာဟာ အမှားအယွင်းတွေ အများအပြားကို ပြုလုပ်လာခဲ့တာကြောင့် ဟန်ဒါဆန်ကို နေရာပေးဖို့ မန်ယူအသင်းရဲ့ ပရိသတ်တွေက အလိုရှိ နေကြပေမယ့် မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ လာမယ့် ဘောလုံးရာသီ မှာ ဒီဂီယာနဲ့ ဟန်ဒါဆန် နှစ်ဦးအနက် ဘယ်သူ့ကို အသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ် အသုံးပြုမလဲဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။

Photo Credit: Team Talk

Sky Sports သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ဟန်ဒါဆန်ကို နံပါတ်တစ် ဂိုးသမားအဖြစ် မသတ်မှတ်သေးပေမယ့် အခြား အသင်းတွေထံကို ပြောင်းရွှေ့မသွားအောင် လာမယ့် ဘောလုံးရာသီ မတိုင်မီမှာ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပြီး မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကိုသာ လက်ခံခဲ့ပါက ဟန်ဒါဆန်ဟာ မန်ယူအသင်းနဲ့ ၅နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုရမှာ ဖြစ်သလို များပြားလှတဲ့ လုပ်ခ လစာကိုလည်း ရရှိနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် မန်ယူအသက်းနဲ့ ဟန်ဒါဆန်တို့ရဲ့ ကြားမှာ ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေဟာ အတော်လေးကို တိုးတက်နေခဲ့ပြီး လာမယ့် သီတင်းပတ် ၂ပတ်အတွင်း စာချုပ်သစ် ကိစ္စကို ရှင်းရှင်းလင်းလင်း သိရတော့မယ်လို့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။