ဘာစီလိုနာအသင်း စိတ်ဝင်စားနေတဲ့ ဘရိုက်တန် နည်းပြ ရောဘတ်တို ဒီဇာဘီက သူ့ကို ဘာစီလိုနာလို ကလပ်အသင်းကြီးတွေက စိတ်ဝင်စားနေပေမယ့် သူကတော့ အေစီမီလန်လို သူ့မွေးရပ်မြေက ကလပ်အသင်းကိုသာ ကိုင်တွယ်သွားဖို့ စိတ်ဝင်စားတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ရှက်တာဒိုးနက် နည်းပြဟောင်း ဒီဇာဘီက ဘရိုက်တန်နည်းပြ ဖြစ်လာချိန်မှာ အသင်းကို ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ ကလပ်အသင်းတိုင်း စိတ်ဝင်စားခံရတဲ့ နည်းပြတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : ESPN

အခုဆိုရင် နည်းပြ ဒီဇာဘီကို လီဗာပူးလ်အသင်းကပါ စိတ်ဝင်စားလျက် ရှိနေပြီး ရာသီကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ့် နည်းပြကြီး ယာဂင် ကလော့ပ်ရဲ့နေရာအတွက် အစားထိုးသွားဖို့ ဒီဇာဘီကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

လီဗာပူးလ်နည်းတူ ဘာစီလိုနာအသင်းကလည်း ဇာဗီနေရာမှာ ဒီဇာဘီနဲ့ အစားထိုးချင်နေသလို ဒီဇာဘီကိုလည်း သူတို့အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေပေမယ့် ဒီဇာဘီကိုယ်တိုင်ကတော့ ဘရိုက်တန်ကနေ ထွက်ခွာဖြစ်မယ်ဆိုရင်တောင် မီလန်ကိုသာ နည်းပြသွားချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

“ကလပ်အသင်းကြီးတွေက ကျွန်တော့်ကို စိတ်ဝင်စားနေကြောင်း ကြားရတဲ့အခါ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ရဲ့ အာရုံစိုက်မှုကတော့ လက်ရှိ ကျွန်တော်ရဲ့အသင်းအတွက်ပါပဲ။ ကျွန်တော်ရဲ့ နည်းပြသက်တမ်းတစ်လျှောက်မှာ ဥရောပထိပ်တန်း အမှတ်ပေး ချန်ပီယံဆုတွေအတွက် စိန်ခေါ်သွားချင်ပါတယ်။”

Photo Credit : AC Milan News

“ကျွန်တော့်အတွက်ဆိုရင်တော့ မီလန်က သာမန်အသင်း တစ်သင်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က မီလန်မှာ ကစားသမားဘဝကို စတင် မွေးဖွားခဲ့တာမို့ မီလန်ကို ကျွန်တော် တစ်သက်လုံး ကျေးဇူးတင်နေမှာပါ။ ကျွန်တော်က အီတလီကိုချစ်တယ်။ အီတလီ ဘောလုံးလောကကိုလည်း ချစ်မြတ်နိုးတယ်။”

“ကျွန်တော်ရဲ့ပန်းတိုင်တစ်ခုက ကျွန်တော့်နိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ဖို့ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒါက ဘယ်တော့ ဖြစ်လာမလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။”လို့ ဒီဇာဘီက ဖွင့်ဟသွားခဲ့ပါတယ်။ မီလန်ကလည်း ရာသီအကုန်မှာ လက်ရှိနည်းပြ ပီအိုလီနဲ့ လက်တွဲဖြုတ်ပြီး နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားဖို့ စီစဉ်လျက် ရှိနေပါတယ်။