ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဒီဇာဘီက ယနေ့ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် ချယ်လ်ဆီးဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် လူအင်အား တောင့်တင်းတဲ့ အသင်းကြီး ဖြစ်တာကြောင့် သူတို့အသင်းက ခက်ခဲတဲ့ပွဲ တပွဲကို ကစားရတော့မယ်လို့ ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ ဘရိုက်တန်တို့က ယနေ့ည ၁နာရီ ၁၅မိနစ် အချိန်မှာ ချယ်လ်ဆီးရဲ့ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းထဲမှာ ကာရာဘောင်းဖလား ၃၂သင်းအဆင့် ပွဲစဉ်ကို ရင်ဆိုင် ကစားကြမှာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ရှုံးထွက်ဖလားပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးက ဒီပွဲမှာ ရေကုန်ရေခမ်း ကြိုးစား ကစားကြဖို့ ရှိနေပြီး လက်ရှိမှာတော့ ဧည့်သည် ဘရိုက်တန်က အိမ်ရှင် ချယ်လ်ဆီးထက် ကစားပုံရော ၊ စိတ်ဓာတ်ပိုင်းပါ အတက်ဘက်ကို ရောက်နေပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ အများစုက ချယ်လ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် ဘရိုက်တန်က အိမ်ရှင် ချယ်လ်ဆီးကို အနိုင်ရသွားလိမ့်မယ်လို့ သုံးသပ်နေကြပေမယ့် ဘရိုက်တန်နည်းပြချုပ် ဒီဇာဘီကတော့ ချယ်လ်ဆီးနဲ့ပွဲဟာ သူတို့အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Football London

ဒီဇာဘီက – “ကျွန်တော်ကတော့ ချယ်လ်ဆီးဟာ သူတို့ရဲ့ ခြေစွမ်းတွေကြောင့် အမှတ်ပေးဇယားမှာ ဒီထက် ပိုများတဲ့ ရမှတ်တွေကို စုဆောင်းထားနိုင်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်က ချယ်လ်ဆီးရဲ့ပွဲတွေကို အများကြီး ကြည့်ထားတာကြောင့် သူတို့တွေ ခြေစွမ်းကောင်းတာကို သိပါတယ်။ ကျွန်တော်တို့က ပိုချက်တီနိုကို လေးစားသလို ချယ်လ်ဆီးကလည်း တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ သူတို့အသင်းက ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒီပွဲက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဇာဘီရဲ့ ဘရိုက်တန်က ဒီရာသီမှာ ၇ပွဲ ကစားထားရာ ၅ပွဲနိုင် ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းကို ရထားပြီး အဆိုပါ ၇ပွဲမှာ သွင်းဂိုး ၂၀ဂိုး အထိ သွင်းယူထားနိုင်သလို ပေးဂိုး ၉ဂိုး ခွင့်ပြုပေးထားရကာ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးကတော့ ဒီရာသီမှာ ၇ပွဲ ကစားထားရာ ၂ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ထားပြီး အဆိုပါ ၇ပွဲမှာ ၇ဂိုးသာ သွင်းယူထားနိုင်သလို ပေးဂိုးကလည်း ၇ဂိုး ရှိနေပါတယ်။