MySport Myanmar

ဟယ်ရီကိန်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးပါလို့ ချီးကျူးခဲ့တဲ့ ဒီဇာဘီ

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ နည်းပြချုပ် ဖြစ်သူ ဒီဇာဘီက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ စပါးရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အီတလီလူမျိုး နည်းပြချုပ် ဖြစ်သူ ဒီဇာဘီက ဒီရာသီမှာ ဘရိုက်တန်ကို အကောင်းဆုံး ဦးဆောင်ပေးထားပြီး သူ့ရဲ့ ဘရိုက်တန်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၇ပွဲ ကစားထားရာ ၁၃ပွဲနိုင် ၊ ၇ပွဲသရေ ၊ ၇ပွဲရှုံး ဆိုတဲ့ မှတ်တမ်းကောင်း တခုကို ပိုင်ဆိုင်ထားကာ ရမှတ် ၄၆မှတ် အထိ စုဆောင်းထားနိုင်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ မျှော်မှန်းလို့ ရနေပါတယ်။

Photo Credit: Football 365

ဘရိုက်တန်က ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်(၄)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ထက် ၁ပွဲလျော့ ကစားထားချိန်မှာ ရမှတ် ၇မှတ်သာ လျော့နည်းတာကြောင့် သူတို့အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်တဲ့ အခွင့်အရေးမျိုး ရှိနေသလို ဘရိုက်တန်ဟာ ယူရိုပါလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၅)နေရာမှာ ရှိနေတဲ့ စပါးထက် ၂ပွဲလျော့ ကစားထားချိန်မှာ ရမှတ် ၄မှတ်သာ လျော့နည်းနေပါတယ်။

ဒါကြောင့် ဒီနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် စပါးနဲ့ ဘရိုက်တန် ပွဲစဉ်မှာ ဘရိုက်တန်က အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ရင် အဆင့်(၅)နေရာကို ရနိုင်ဖို့ ပိုမို အခွင့်အလမ်း ကောင်းသွားမှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့် လိုချင်နေတဲ့ စပါးကလည်း ဘရိုက်တန်ကို နိုင်မှသာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆက်လက် မျှော်မှန်းနိုင်မှာပါ။

Photo Credit: Football 365

စပါးနဲ့ ဘရိုက်တန် ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာတော့ ဒီဇာဘီက သူတို့အသင်းဟာ စပါးနဲ့ပွဲမှာ အနိုင်ရလဒ်ကို လိုချင်ရင် စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို တားဆီးဖို့ လိုအပ်ပြီး ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်တာကြောင့် ဟယ်ရီကိန်းကို တားဆီးချင်ရင် ဟယ်ရီကိန်းဆီ ဘောလုံးမရောက်အောင် လုပ်နိုင်ဖို့ လိုမယ်လို့ ဆိုလာပါတယ်။

ဒီဇာဘီက – “ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးပါ။ သူ့ကို တားဆီးနိုင်ဖို့ ဆိုရင် ကျွန်တော်တို့က ဘောလုံးကို ကိုယ့်ခြေထောက်ထဲမှာပဲ ထားဖို့ လိုပါတယ်။ ဟယ်ရီကိန်းဆီ ဘောလုံးမရောက်အောင် လုပ်တာက သူ့ကို တားဆီးဖို့ အတွက် အကောင်းဆုံးနည်းလမ်းပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version