MySport Myanmar

အသင်းဟန်ချက် မပျက်စေဖို့အတွက် ပေါ့ဘာကို မခေါ်ယူခဲ့တာလို့ ဒီဇာဘီ ဖွင့်ဟ

မာဆေးလ်အသင်းရဲ့ နည်းပြဖြစ်သူ ရောဘတ်တို ဒီဇာဘီက သူတို့အသင်းအနေနဲ့ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာကို မခေါ်ယူခဲ့တာက အသင်းဟန်ချက်ကို မထိခိုက်စေဖို့အတွက် ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

အသက်(၃၁)နှစ်အရွယ် ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲမှုကြောင့် (၄)နှစ်အထိ ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကြီး ချမှတ်ခံခဲ့ရပေမယ့် အယူခံအောင်မြင်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ကို (၁၈)လထိ လျော့ချနိုင်ခဲ့သလို လာမယ့် မတ်လမှာပဲ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ပြဿနာတွေ ရှိခဲ့တဲ့ ပေါ့ဘာကို ဂျုဗင်တပ်စ်ဘက်က စာချုပ်ဖျက်သိမ်းဖို့ စီစဉ်ခဲ့တာကြောင့် ပေါ့ဘာက တရားဝင် free agent player ဖြစ်သွားခဲ့ပါတယ်။

Photo Credit : Eurosport

အသင်းလက်မဲ့ ဖြစ်သွားတဲ့ ပေါ့ဘာဟာ ကလပ်အသင်းများစွာနဲ့ သတင်းထွက်ခဲ့သလို သိပ်မကြာသေးခင်ကလည်း အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဓါတ်ပုံပို့စ်တွေကြောင့် သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းဆီကိုများ ပြန်သွားနိုင်လေမလားလို့လည်း ထင်ခဲ့ရပါသေးတယ်။

ဒါ့အပြင် မာဆေးလ်အသင်းဟာလည်း ပေါ့ဘာနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပြီး ပေါ့ဘာနဲ့အတူ ယူနိုက်တက်မှာ အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ မာဆေးလ် တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ကပါ ပေါ့ဘာလို ထိပ်တန်းကစားသမားတစ်ဦးကို သူတို့အသင်းဆီ ရောက်လာစေချင်တယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။

Photo Credit : Fan Page

ဒါပေမယ့်လည်း အခုအချိန်ထိတော့ ပေါ့ဘာနဲ့ မာဆေးလ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်မလာခဲ့တဲ့အပြင် မာဆေးလ်နည်းပြ ဒီဇာဘီကပါ ပေါ့ဘာကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဒီဇာဘီက “အသင်းတွင်းမှယ ဟန်ချက်ညီနေမှုကို ဘယ်သူကမှ ပြောင်းလဲလို့ မရပါဘူး။ ကျွန်တော် နည်းပြနေသရွေ့ ဘယ်သူမှ ကျွန်တော့်အသင်းကို ဟန်ချက်ပျက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။”

“ပေါ့ဘာက တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူကစားဖို့ အသင့်ဖြစ်တဲ့အခါ ဘယ်နေရာမှာ သူ့ကို အသုံးချနိုင်မလဲ ဘယ်လို အခန်းကဏ္ဍ ဘယ်နေရာမှာ ထားရမလဲဆိုတာကို ကျွန်တော်တို့ နားလည်ဖို့ လိုတယ်။ ချန်ပီယံတွေ များလေလေ ကျွန်တော် ပျော်လေလေပါပဲ။ ဒါပေမယ့် လောလောဆယ်မှာတော့ အကြောင်းအရင်းများစွာကြောင့် ဒီဆုံးဖြတ်ချက်ကို လုပ်ခဲ့တာပါ။” လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Exit mobile version