MySport Myanmar

ရိုးမားအသင်းဆီ အချိန်မရွေး ပြန်လာဖို့ အဆင်သင့်ပဲလို့ ဆိုလိုက်တဲ့ ဒီရော့ဆီ

ရိုးမားအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးလည်းဖြစ် နည်းပြဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဒီရော့ဆီက လက်ရှိ ရိုးမားအသင်းက နည်းပြ အိုင်ဗန် ဂျူရစ်ကို ထုတ်ပယ်ထားချိန် အသင်းနည်းပြ လိုအပ်နေမယ်ဆိုရင် သူ့အနေနဲ့ ရိုးမားဆီ အချိန်မရွေး ပြန်သွားဖို့ အဆင်သင့်ပဲလို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ရိုးမားအသင်းဟာ အခုရာသီအတွင်းမှာပဲ အသင်းရလဒ်တွေ မတည်ငြိမ်မှုကြောင့် နည်းပြထုတ်ပယ်မှုတွေကို (၂)ကြိမ်တောင် ပြုလုပ်ထားခဲ့ရပြီး မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ နည်းပြဂျူရစ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့ပါတယ်။ ဂျူရစ်က ရိုးမားနည်းပြအဖြစ် ဆောင်ရွှက်တာ (၂)လတောင် မပြည့်သေးသူလည်း ဖြစ်ပါတယ်။

Photo Credit : Quotidiano Sportivo

တကယ်တော့ ရိုးမားအသင်းက ဒီရာသီ မစခင်မှာပဲ အသင်းရဲ့ယာယီနည်းပြ ဒီရော့ဆီကို အမြဲတမ်းနည်းပြအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီးခါမှ အသင်းက စီးရီးအေ အဖွင့်(၄)ပွဲမှာ တစ်ပွဲမှ အနိုင်မရခဲ့လို့ ဒီရော့ဆီကို ထုတ်ပယ်ပြီး စီးရီးအေ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြ ဂျူရစ်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့် ဂျူရစ်ကလည်း ရိုးမားနည်းပြအဖြစ် ဆောင်ရွှက်ချိန် (၂)လမပြည့်ခင်မှာပဲ (၁၂)ပွဲအတွင်း နိုင်ပွဲ (၄)ပွဲ သရေပွဲ (၃)ပွဲနဲ့ ရှုံးပွဲက (၅)ပွဲအထိ ရှိခဲ့တာကြောင့် သူ့ကိုလည်း နိုဝင်ဘာ (၁၀)ရက်နေ့မှာပဲ နည်းပြရာထူးကနေ တရားဝင် ထုတ်ပယ်လိုက်ပါတယ်။

Photo Credit : AS Roma

ရိုးမား လက်ရှိ စီးရီးအေပြိုင်ပွဲမှာ အဆင့် (၁၂)အထိတောင် ရောက်ရှိနေရသလို ယူရိုပါလိဂ်မှာဆိုရင်လည်း အဆင့် (၂၀)ထိ ရောက်နေတာကြောင့် အသင်းရဲ့ အခြေအနေတွေက ဆိုးရွှားလွန်းနေရပြီး အသင်းကလည်း နည်းပြသစ်တစ်ဦးပါ လိုအပ်နေတာဖြစ်လို့ ဒီရော့ဆီက သူ့အနေနဲ့ ရိုးမားဆီ ပြန်သွားရမယ်ဆိုလည်း အဆင်သင့်ပဲလို့ ဆိုလိုက်ပါတယ်။

“ကစားသမားအနေနဲ့ပဲဖြစ်ဖြစ် နည်းပြတစ်ဦးအနေနဲ့ပဲဖြစ်ဖြစ် ရာထူးကနေ ထုတ်ပယ်ခံရတယ်ဆိုတာက အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဒီနေရာက ကျွန်တော်ရဲ့ အိမ်လိုပါပဲ။ ကျွန်တော့်အဖေကလည်း ဒီမှာပဲ အလုပ်လုပ်နေတာ။ နောက်ပြီး ကျွန်တော်ရဲ့ နေအိမ်မှာထက် ဒီမှာနေရတာတဲ့ အချိန်က ပိုပြီးတော့ များပါတယ်။ ဒါကြောင့် ကျွန်တော် ဒီကို ပြန်လာဖို့ အချိန်မရွေးပါပဲ။” လို့ ဒီရော့ဆီက ဆိုလိုက်ပါတယ်။

Exit mobile version