အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဒီလစ်ကတော့ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှ စတင်ကာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို တာဝန်ယူ ကိုင်တွယ်တော့မယ့် သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ်ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အောင်မြင်မှုတွေ ရယူပေးနိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဒီလစ်ဟာ အေဂျက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်သီး ခံစစ်မှူး တဦး ဖြစ်ပြီး အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ရင်း တဦးလို့ ဆိုရင်လည်း မမှားပါဘူး။

Photo Credit: Marca

ယခုနှစ် ဘောလုံးရာသီမှာမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က အေဂျက်ကို ကိုင်တွယ်စဉ်မှာ ဒီလစ် အပါအဝင် လူငယ်ကြယ်ပွင့် အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့သူ ဖြစ်ပြီး ဒီလစ် ၊ ဒီဂျောင် ၊ ဇီရက်ဇ်နဲ့ ဗန်ဒီဘိခ်တို့ဟာ သူ့ရဲ့ လက်ရင်းတပည့်တွေပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပြီးနောက် တန်ဟက်ဂ်က သူ့ရဲ့ တပည့်ဟောင်းတွေ ဖြစ်တဲ့ ဒီဂျောင်နဲ့ ဒီလစ်တို့ကို မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်ယူဖို့ ကြံစည်နေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပြီး တန်ဟက်ဂ်ရဲ့ တပည့်ရင်း ဖြစ်သူ ဒီလစ်ကတော့ သူ့ရဲ့ ဆရာဟောင်းဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့် အရည်အချင်းတွေ ပိုင်ဆိုင်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

ဒီလစ်က – “တန်ဟက်ဂ်က သူ လုပ်နေတဲ့ အလုပ်ကို အတော်လေး ချစ်တတ်တဲ့ လူစားမျိုး ဖြစ်သလို အမြဲတမ်းလိုလို အလုပ်လုပ်ဖို့ တက်ကြွနေတတ်သူပါ။ ပြီးတော့ သူက အရမ်းကို အသေးစိတ် ပြင်ဆင်တတ်ပါတယ်။ ဒီအချက်ကပဲ သူ့ကို အသင်အပြ ကောင်းတဲ့ နည်းပြတဦး ဖြစ်လာစေတာပါ။ သူ့မှာ အောင်မြင်မှု ရဖို့ အတွက် လိုအပ်တဲ့ အရည်အချင်းတွေ အများကြီး ရှိပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်နဲ့ အောင်မြင်မှုတွေ ရယူနိုင်ပါလိမ့်မယ်။ အဲ့ဒါကိုလည်း ကျွန်တော်တို့တွေ မကြာခင်မှာ မြင်တွေ့ရမှာပါ” လို့ ဆရာဟောင်းနဲ့ ပတ်သတ်ပြီး ပြောကြားသွားခဲ့တာပါ။