အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ အဓိက နောက်ခံလူ ဒီလစ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းအနက် ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ကစားဖို့ စိတ်ကူးရှိကြောင်း နာမည်ကြီး သတင်းဌာန အများစုက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ဗဟိုနောက်ခံလူ ဒီလစ်က အေဂျက်ကနေ ဂျူဗင်တပ်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေပါသေးတယ်။

Photo Credit: Team Talk

ဒီလစ်က ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကျန်နေသေးပေမယ့် အသင်းရဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း မရှိတော့တဲ့ အနေအထားကြောင့် ဂျူဗင်တပ်ကို စွန့်ခွာကာ ဥရောပ ထိပ်သီးအသင်း တသင်းဆီ ပြန်လည် ပြောင်းရွှေ့ချင်နေပြီး ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ထားကြပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းစလုံးက ဒီလစ်အတွက် ဂျူဗင်တပ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး ချယ်လ်ဆီးက ငွေကြေးအင်အား ပိုတောင့်တင်းတာကြောင့် ဒီလစ်အတွက် ဂျူဗင်တပ်ဘက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ပေးချေနိုင်စွမ်း ရှိကာ တဖက်မှာ ဘိုင်ယန်မြူးနစ်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက် နီးပါးနဲ့ ဒီလစ်အတွက် ကမ်းလှမ်းနိုင်ပေမယ့် ချယ်လ်ဆီးထက်တော့ ငွေပိုပေးနိုင်ခြင်း မရှိပါဘူး။

Photo Credit: Team Talk

ဒါပေမယ့် ဒီလစ်ကတော့ ယခု နွေဈေးကွက် ရောက်မှသာ သူ့ကို ခေါ်ယူဖို့ စတင် ကြိုးပမ်းလာတဲ့ ချယ်လ်ဆီးထက် အေဂျက်မှာ ရှိနေစဉ်ကတည်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသလို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက သူ့ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဆီသာ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ထားပြီး ဘိုင်ယန်မြူးနစ်ကလည်း ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း + အပိုဆုကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှု တရပ်အား မကြာခင်မှာပဲ ပြုလုပ်ဖို့ စီစဉ်နေကာ ဂျူဗင်တပ်ကလည်း ကစားသမားရဲ့ စိတ်ဆန္ဒအတိုင်းပဲ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို ဘိုင်ယန်မြူးနစ်နဲ့သာ ဆက်လုပ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။