အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် နှစ်သင်းအနက် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖလော်ရီယန် ပလက်တန်ဘက်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က အေဂျက်ကနေ ဂျူဗင်တပ်ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းပြ ကစားနေနိုင်ပေမယ့် အသင်းက ဆုဖလားတွေ ရရှိဖို့ မသေချာတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေသူပါ။

Photo Credit: Sports Dias

ဒီလစ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေထဲက တဦး ဖြစ်သလို အသက်လည်း ငယ်သေးတာကြောင့် ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးနဲ့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြပြီး ချယ်လ်ဆီးက ဒီလစ်အတွက် ဘိုင်ယန်မြူးနစ်ထက် ပြောင်းရွှေ့ကြေး ပိုပေးနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။

ဒါပေမယ့် ဒီလစ် တယောက် အေဂျက်မှာ ရှိနေစဉ်ကတည်းက ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ ဘိုင်ယန်မြူးနစ်က ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ဂျူဗင်တပ်ဘက်ကို အဓိကထား ချဉ်းကပ်ခဲ့ခြင်း မရှိပဲ ဒီလစ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရဖို့ကိုသာ အကြိတ်အနယ် ကြိုးပမ်းခဲ့ပါတယ်။

Photo Credit: Sports Dias

နာမည်ကြီး သတင်းထောက် ဖလော်ရီယန် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ယနေ့မှာပဲ ဒီလစ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ဒီလစ်က ဘိုင်ယန်မြူးနစ်ဆီ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ဖို့ ရှိကာ ဒီလစ်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်လာမယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Bildကလည်း ဒီလစ် တယောက် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဘိုင်ယန်မြူးနစ်က ဒီလစ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူအပြီးမှာပဲ ဒီလစ်ရဲ့ အပြောင်းအရွှေ့ အတွက် ဂျူဗင်တပ်နဲ့ တရားဝင် ဆွေးနွေးမှုတွေကို စတင် ပြုလုပ်လာကြောင်း ဆိုပါတယ်။