အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အဓိက နောက်ခံလူ ဒီလစ် ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို လက်လွှတ်ခဲ့ရလို့ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရတာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
အီတလီ စီးရီးအေပြိုင်ပွဲကို ဆယ်စုနှစ် တစုကျော် အုပ်စိုးခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ သူတို့အသင်းရဲ့ ချန်ပီယံဘွဲ့ကို အင်တာမီလန် အသင်းဆီ လွှဲပြောင်းပေးခဲ့ရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့တောင် ရုန်းကန်နေရပါတယ်။
Photo Credit: Mirror
ဂျူဗင်တပ်အသင်း ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အဓိက အကြောင်းပြချက် ကတော့ တိုက်စစ်ပိုင်း အားနည်းမှု ဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်ပိုင်းက ဒိုင်ဘာလာ တဦးထဲကိုသာ မှီခိုနေခဲ့ရကာ ယခုနှစ် ဘောလုံးရာသီမှာ ၃ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပွဲကလည်း ၅ပွဲသာ ရှိခဲ့ပါတယ်။
ဒါကြောင့်ပဲ ဂျူဗင်တပ်အသင်းက ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပြီး ဂျူဗင်တပ်အသင်းရဲ့ အဓိက နောက်ခံလူ ဒီလစ် ကတော့ သူတို့အသင်းဟာ ရိုနယ်ဒိုကို လက်လွှတ်ခဲ့ရလို့ တိုက်စစ်ပိုင်း အားနည်းသွားတာပါလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ပါတယ်။
Photo Credit: Mirror
အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ဂျူဗင်တပ်အသင်း ကနေ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့သွားသူ ဖြစ်ပြီး ရိုနယ်ဒိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၃၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ရိုနယ်ဒို မရှိတော့လို့ တိုက်စစ်ပိုင်း အားနည်းသွားရပုံကို ဒီလစ်က ယခုလိုပဲ ပြောပြလာပါတယ်။ ဒီလစ်က – “အသင်းရဲ့ ဂိုးသွင်းအား ကျလာတာက ရိုနယ်ဒို ထွက်သွားတာနဲ့ ဆိုင်လားလို့ မေးလာရင်တော့ ဆိုင်တယ်လို့ပဲ ဖြေရမှာပါ။ ဟုတ်ပါတယ်။ ရိုနယ်ဒိုက တဖက်အသင်းရဲ့ ဂိုးဧရိယာထဲကို ရောက်သွားတာနဲ့ သွင်းဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကစားသမားမျိုးပါ။ သူက အခွင့်အရေးတွေကို ဖြုန်းပစ်လိုက်တယ် ဆိုတာ အတော်လေးကို ရှားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီနှစ်ဘောလုံးရာသီ အစထဲမှာပဲ သူ့ကို လွမ်းဆွတ်မိခဲ့ပါတယ်။ ကျွန်တော်တို့မှာ တရာသီကို ဂိုး၃၀ သွင်းပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး မရှိတော့ပါဘူး” လို့ ပြောကြားခဲ့တာပါ။