MySport Myanmar

ပေါ်တူဂီ ရော်နယ်လ်ဒိုတိုနဲ့ ယှဉ်ပြိုင်ရမှာ ဂုဏ်ယူစရာပဲလို့ ဒယ်လာဖွန်းတီ ဆို

စပိန်အသင်းနည်းပြချုပ် လူးဝစ် ဒယ်လာဖွန်းတီက တနင်္ဂနွေနေ့ အလီယန့်ဇ် အရီနာကွင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် နေရှင်းစ်လိဂ် ဗိုလ်လုပွဲစဉ်ဟာ ဂုဏ်ယူစရာတစ်ခု ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။

စပိန်အသင်းဟာ ကြာသပတေးနေ့က ပြင်သစ်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရင်း ၅-၄ နဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဘာစီလိုနာရဲ့ ပါရမီရှင် လူငယ်ကြယ်ပွင့်ကစားသမားလေးလး လာမင်း ယာမယ်လ်က (၂)ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒယ်လာဖွန်းတီရဲ့အသင်းဟာ ၂၀၂၃ ခုနှစ်မှာ နေရှင်းစ်လိဂ်ဖလားနဲ့ ၂၀၂၄ ခုနှစ်မှာ ဥရောပဖလားတို့ကို ဆွတ်ခူးထားပြီးဖြစ်လို့ အခုတစ်ကြိမ်မှာလည်း တတိယမြောက် အဓိကဖလားတစ်လုံးကို သုံးနှစ်ဆက်တိုက် ရယူဖို့ ပစ်မှတ်ထားနေပါတယ်။

Photo Credit : beIN SPORTS

ဒါပေမယ့် သူတို့ရဲ့လမ်းမှာတော့ ဆီမီးဖိုင်နယ်မှာ ဂျာမနီအသင်းကို တစ်ဂိုး ဂိုးမရှိ အရှုံးရလဒ်ကနေ အနိုင်ပြန်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းက ရှိနေပါတယ်။ အဆိုပါပွဲမှာ ဖလိုရီယန် ဝါ့ဇ်ရဲ့ ဦးဆောင်ဂိုးကို ဖရန်စစ္စကို ကွန်ဆေးဆာအိုက အံ့မခန်းဂိုးနဲ့ ချေပခဲ့ပြီးနောက် ရော်နယ်လ်ဒိုက အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အသက်(၄၀)အရွယ်ရှိ ပေါ်တူဂီ ဂန္ထဝင်ကစားသမား ရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့ကပွဲမှာ သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး (၁၃၇)ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပြီး ဒယ်လာဖွန်းတီကလည်း သူ့အတွက် ချီးကျူးစကားတွေသာ ပြောကြားခဲ့ပါတယ်။ “ပေါ်တူဂီအသင်းနဲ့ ရင်ဆိုင်ရတာ ပြီးတော့ ခေတ်တစ်ခေတ်နဲ့ အမွေအနှစ်တစ်ခုကို ပုံဖော်ခဲ့တဲ့ ဘောလုံးသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမှာက ဂုဏ်ယူစရာတစ်ခုပါပဲ။ ကျွန်တော်က ခရစ္စတီယာနို ရော်နယ်ဒိုကို ကျွန်တော့်ကစားသမားတွေအတွက် ဥပမာတစ်ခုအနေနဲ့ မကြာခဏ အသုံးပြုလေ့ရှိပြီး သူ့အပေါ်ထားရှိတဲ့ လေးစားမှုကိုလည်း ဖော်ပြလေ့ရှိပါတယ်။ သူက လူငယ်ရော လူကြီးပါ အားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပါ” လို့ ဒယ်လာဖွန်းတီက ဆိုပါတယ်။

Photo Credit : Barca Blaugranes

ဒယ်လာဖွန်းတီဟာ သူ့ရဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ပက်ဒရီရဲ့ ဒီရာသီ ဟန်ဆီဖလစ်ရဲ့အသင်းအတွက် အထင်ကြီးလောက်စရာ ခြေစွမ်းပြမှုတွေကိုလည်း ချီးကျူးခဲ့ပါတယ်။ ပက်ဒရီဟာ ပြင်သစ်ကို ၅-၄ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စပိန်အတွက် သူ့ရဲ့ ပထမဆုံးသော ပြိုင်ပွဲဝင် တရားဝင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၂၀၂၄-၂၅ ရာသီမှာ ဘာစီလိုနာအသင်းနဲ့အတူ ပြည်တွင်းဖလားသုံးလုံး ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

“ပက်ဒရီမှာ ကွင်းလယ်နံပါတ်(၈) အဖြစ်ဖြစ်စေ ကွင်းလယ်တိုက်စစ် နံပါတ်(၁၀)အဖြစ်ဖြစ်စေ ကစားနိုင်တဲ့ ထူးခြားတဲ့အရည်အသွေးရှိပါတယ်။ ဂိုးတွေက ဂိုးပေါက်နဲ့နီးမှ သွင်းယူနိုင်တာဖြစ်လို့ သူ့ကို ပြိုင်ဘက်ရဲ့ဂိုးဧရိယာနဲ့ ပိုနီးကပ်ပြီး ကစားစေချင်ပါတယ်။ အဲ့ဒီနေရာမှာ သင်ပြုလုပ်တဲ့ ဘောလုံးပေးပို့မှုတွေကလည်း အဓိကကျပါတယ်။ အဲ့ဒီနေရာမှာ သူက ကျွန်တော်တို့ကို အများကြီး အထောက်အကူပြုပါတယ်။ ဘာလို့လဲဆိုတော့ သူက နောက်ဆုံးပိတ် ဘောလုံးပေးပို့မှုတွေကို ပြုလုပ်နိုင်တယ်။ ကစားကွက်တွေကို အပြီးသတ်ပေးနိုင်တယ်။ ပြီးတော့ သူ့ရဲ့ကန်ချက်တွေကလည်း အများကြီး တိုးတက်လာပါတယ်” လို့ ဒယ်လာဖွန်းတီက ဆိုပါတယ်။

Exit mobile version