စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒီဂျောင်ကတော့ ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ နုတ်ထွက်ရဖို့ နီးစပ်နေတဲ့ အသင်းနည်းပြ ကိုးမန်းကို ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ ရော်နယ်ကိုးမန်းနဲ့ နယ်သာလန် လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးသလို ကိုးမန်းတယောက် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာချိန်မှာလည်း အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြထားနိုင်သူပါ။

Photo Credit: Standard

ဒါပေမယ့် ကိုးမန်းရဲ့ လက်အောက်မှာ ဘာစီလိုနာအသင်းဟာ တိုးတက်မှုတွေ မရှိတဲ့အပြင် အသင်းရဲ့ ကစားကွက်ပိုင်း ၊ ကစားသမား အများစုရဲ့ စိတ်ဓာတ်ပိုင်းတွေဟာ အနုတ်လက္ခဏာ ပြနေတာကြောင့် ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဟာ မကြာခင်မှာပဲ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြပြီး ကိုးမန်းရဲ့ နေရာကို အစားဝင်နိုင်ဖို့ ဇာဗီ ၊ မာတီနက်ဇ်နဲ့ ပီယာလိုတို့က ရေပန်းစားနေကြပါတယ်။

ဘင်ဖီကာအသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ကိုးမန်းက လက်ရှိ ဘာစီလိုနာအသင်းရဲ့ ပြဿနာဟာ သူ မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ကိုးမန်းရဲ့ အယုံကြည်ရဆုံး တပည့် တဦး ဖြစ်သူ ဒီဂျောင်ကလည်း ကိုးမန်းရဲ့စကားတွေကို ထောက်ခံခဲ့ကာ နည်းပြတဦးကို ထုတ်ပယ်လိုက်ရုံနဲ့ အသင်းရဲ့ ပြဿနာတွေဟာ မပြေလည်သွားဘူးလို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Standard

ကိုးမန်းကို ရာထူးကနေ မထုတ်ပယ်သင့်ကြောင်းကို ဒီဂျောင်က – “ကျွန်တော်က နည်းပြရဲ့ အခြေအနေကို ပြောပြခွင့် မရှိပါဘူး။ ပြောလည်း မပြောချင်ပါဘူး။ ဒါပေမယ့် နည်းပြကို ရာထူးကနေ ထုတ်ပယ်လိုက်တာက ပြဿနာတွေကို မပြေလည်စေတာ အမှန်ပါ။ ကျွန်တော်တို့ ရလဒ်တွေ ကောင်းမွန်လာအောင် လေ့ကျင့်ရေး အစီအစဉ်တွေမှာ အစွမ်းကုန် ကြိုးစားရပါမယ်။ ဒီနေ့မှာလည်း အနိုင်ရဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ကြပေမယ့် အဆင်မပြေခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။