စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဗဟိုကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့မှု အပေါ် နောင်တရနေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာန တချို့နဲ့ စပိန်အခြေစိုက် သတင်းဌာန တချို့က ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့သလို ဘာစီလိုနာကလည်း သူ့ကို ရောင်းချဖို့ ပြင်ဆင်ခဲ့ပေမယ့် ဒီဂျောင်ကတော့ မန်ချက်စတာ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့် မရဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန်ခဲ့သလို ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါတယ်။

Photo Credit: Mirror

ဒီဂျောင်က ဘာစီလိုနာမှာ ဆက်နေရင် ပုံမှန် ပွဲထွက်ခွင့် ရလိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘာစီလိုနာနည်းပြ ဇာဗီက အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဂါဗီနဲ့ ပီဒရီတို့ကိုသာ နေရာပေးခဲ့သလို ဂါဗီနဲ့ ပီဒရီတို့ နှစ်ဦးထဲက တဦးကို မထည့်သွင်းနိုင်ရင်လည်း ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ အသင်းဆီ ရောက်ရှိလာတဲ့ ကတ်ဆီးကို နေရာပေးလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ ဒီဂျောင်က ဒီရာသီမှာ ပွဲကစားခွင့် နည်းပါးနေပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲသာ ပါဝင် ကစားခွင့်ရထားသလို အဆိုပါ ၁၀ပွဲမှာလည်း စုစုပေါင်း ၅၂၃မိနစ်သာ ကစားခွင့် ရထားတာကြောင့် သူ့ရဲ့ တပွဲပျမ်းမျှ ကစားရတဲ့ မိနစ်ဟာ ၅၀မိနစ် စွန်းစွန်းသာ ရှိပါတယ်။

Photo Credit: Mirror

ဒါ့အပြင် ဒီဂျောင်ရဲ့ ဘာစီလိုနာကလည်း ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူထားနိုင်ခြင်း မရှိပဲ အုပ်စုပွဲ ၄ပွဲ ကစားထားပြီးချိန်မှာ ၁ပွဲနိုင် ၁ပွဲသရေ ၂ပွဲ ရှုံးနိမ့်ထားတာကြောင့် အုပ်စုရဲ့ တတိယနေရာနဲ့သာ အဆုံးသတ်ဖို့ ရာခိုင်နှုန်း များပြားနေကာ မန်ချက်စတာ ယူနိုက်တက် ရှိနေတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားရဖွယ် ရှိနေပါတယ်။

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဂျောင်က သူ့ရဲ့ လက်ရှိ အနေအထားနဲ့ ပတ်သတ်ပြီး မပျော်မရွှင် ဖြစ်နေသလို ဘာစီလိုနာကလည်း ဒီဂျောင်ကို အသင်းရဲ့ အနာဂတ် စီမံကိန်းထဲမှာ မထည့်သွင်းထားတာကြောင့် လာမယ့် နွေဈေးကွက်မှာ ဒီဂျောင်ကို အသင်းကနေ ရောင်းချရန် ကြိုးစားဖို့ ထပ်မံ စီစဉ်နေကာ ဒီတခါမှာတော့ ဒီဂျောင်ဟာ ဘာစီလိုနာကနေ ထွက်ခွာသွားဖွယ် ရှိနေကြောင်း သိရပါတယ်။