ဘာစီလိုနာအသင်းကတော့ မနေ့ညက ကျင်းပသွားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၂၃)မှာ ရီးရဲလ်ဘက်တစ်အသင်းနဲ့ အဝေးကွင်းမှာ ပွဲကျပ်တစ်ပွဲအဖြစ် ရင်ဆိုင်ကစားခဲ့ရပြီး နှစ်ကြိမ်တိုင်တိုင် အိမ်ရှင်အသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့်လည်း အကောင်းဆုံးပုံစံတစ်ခုနဲ့ ပြန်လာနိုင်ခဲ့ကာ ၂ဂိုး၃ဂိုးနဲ့ အနိုင်ရယူခဲ့ပါတယ်။ တကယ်လို့သာ ဒီပွဲမှာ ခြေချော်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာက ရီးရဲလ်မက်ဒရစ်အသင်းနဲဲ့ အမှတ်ကွာဟမှု ပိုမိုများပြားသွားနိုင်တာဖြစ်လို့ ဒီနိုင်ပွဲက ဘာစီလိုနာအတွက် အရေးပါခဲ့ပြီး အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီမှာလည်း ဒီနိုင်ပွဲရဲ့အဓိကကျတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်။

Photo Credit : Getty Images

မက်ဆီဟာ ဒီပွဲစဉ်အတွင်းမှာ သွင်းဂိုးရယူခဲ့ခြင်းမရှိပေမယ့်လည်း အသင်းရဲ့သွင်းဂိုး၃ဂိုးလုံးက သူရဲ့ဂိုးဖန်တီးမှုတွေကနေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ဒီလို ဂိုးဖန်တီးမှုကို ဟက်ထရစ်ရအောင် စွမ်းဆောင်နိုင်ခဲ့လို့ ဒီရာသီအတွင်း မက်ဆီရဲဲ့လာလီဂါ ဂိုးဖန်တီးမှု အကြိမ်ရေက ၁၁ကြိမ်နဲ့ ထိပ်ဆုံးနေရာမှာကို ဦးဆောင်နေနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီနဲ့အတူ ကွင်းလယ်ကစားသမားလေးဖြစ်တဲ့ ဖရန့်ကီဒီဂျောင်ကိုလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို မက်ဆီလို ကစားသမားမျိုးနဲ့ တစ်သင်းတည်းမှာ တွဲဖက်ကစားရတာကလည်း အရမ်းကို စိတ်ကျေနပ်စရာကောင်းကြောင်း ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီဟာ မနေ့ညက ပွဲစဉ်မှာ ဒီဂျောင်သွင်းယူခဲဲ့တဲ့ ပထမချေပဂိုးကို ဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီဂျောင်က “ဒီပွဲက ကျွန်တော်ကစားခဲ့တဲ့ ပွဲစဉ်တွေထဲမှာ ကျွန်တော့်အတွက် အကောင်းဆုံးပွဲတစ်ပွဲလို့ သုံးသပ်နိုင်ပါတယ်။ အရမ်းထူးခြားကောင်းမွန်တဲဲ့ ပွဲတစ်ပွဲလို့တော့ မသတ်မှတ်ချင်ပါဘူး။ ပိုအရေးကြီးတာကတော့ ကိုယ့်အသင်းက အနိုင်ရဖို့ပါပဲ။ ဒီပွဲက ကျွန်တော်တို့အတွက် အတော်လေးကို ခက်ခဲခဲ့ပါတယ်။ တကယ်ဆို ပွဲအပြီးမှာ ကျွန်တော်တို့အသင်းက ဒီထက်မက ဂိုးတွေပိုသွင်းယူပြီး အနိုင်ရခဲ့သင့်တာပါ။ မက်ဆီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကလည်း သေချာပေါက် ပင်နယ်တီသတ်မှတ်ရမှာပါ။ ဒါရှင်းရှင်းလင်းလင်းကြီးပါ။ ကျွန်တော်တို့တွေ လာမယ့်ပွဲတွေမှာတော့ ပိုမိုတိုးတတ်လာအောင် ကြိုးစားရမှာပါ။ ချန်ပီယံလိဂ်အတွက် အဆင့်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ မက်ဆီနဲ့ တစ်သင်းတည်း ကစားရတာက အရာရာကို လွယ်ကူစေတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့တွေအတွက် ဘောလုံးတွေကို ချပေးလို့ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။