ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင်ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားတော့မယ်လို့ စပိန်ရဲ့ နာမည်ရ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဒီဂျောင်ဟာ ၂၀၁၉ခုနှစ်ကတည်းက အေဂျက်စ်ကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ ဘာစီလိုနာရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Forbes

ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ် ဖြစ်ခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာပဲ ဆက်နေချင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခါးခါးသီးသီး ငြင်းဆန်ခဲ့ပေမယ့် လက်ရှိမှာ သူကိုယ်တိုင်က ဘာစီလိုနာနဲ့ ဆက်လက် လက်မတွဲချင်တော့ပဲ အသင်းပြောင်းချင်လာခဲ့ပါတယ်။

ဒီဂျောင်က ဘာစီလိုနာအသင်းဆီ ရောက်ရှိနေတာ အခုဆိုရင် (၅)ရာသီအထိ ရှိနေပြီ ဖြစ်ပေမယ့် လာလီဂါဖလား (၁)ကြိမ် ကိုပါဒယ်ရေးဖလား (၁)ကြိမ် စပိန်စူပါဖလား (၁)ကြိမ်တွေသာ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ ဆီမီးဖိုင်နယ်လောက်တောင် မရောက်နိုင်ခဲ့ပဲ (၅)ရာသီအတွင်းမှာတောင် ဖလား (၃)ခုပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : FC Barcelona

ဒီဖလား (၃)ခုမှာ (၂)ခုကို ရယူပေးခဲ့တဲ့ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်ကပါ ဒီရာသီအကုန်မှာ ဘာစီလိုနာနဲ့ လက်တွဲဖြုတ်တော့မှာ ဖြစ်သလို အားကစားဒါရိုက်တာ ဒေကိုကလည်း ဒီဂျောင်နဲ့ အာရူဟိုတို့ စာချုပ်သက်တမ်း ထပ်မတိုးရင် နွေမှာပဲ ရောင်းထုတ်သွားမယ်ဆိုတဲ့ သတင်းတွေပါ ထွက်လာခဲ့ပါသေးတယ်။

ဒါကြောင့် ဒီလို အခြေအနေတွေမှာ ဒီဂျောင်က မပျော်မရွှင် ဖြစ်လာတာကြောင့် လာမယ့်နွေဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေပြီး ဒါကို မန်ယူနိုက်တက် အပါအဝင် မန်စီးတီး ဘိုင်ယန်မြူးနစ် နဲ့ ပီအက်စ်ဂျီအသင်းတို့က အသုံးချသွားဖွယ် ရှိနေပါတယ်။