ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိကပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိဖို့ နီးစပ်နေတဲ့ ဘာစီလိုနာ ကြယ်ပွင့် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ကြားဖြတ် ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တခုက ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က ယခု နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာလည်း ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ဘာစီလိုနာထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း + အပိုဆုကြေး ယူရို ၂၀သန်း ပေးချေဖို့ သဘောတူညီမှု ရထားသလို ဒီဂျောင်ကိုလည်း ဘာစီလိုနာမှာ ရနေတဲ့ လုပ်ခလစာအတိုင်း ပေးချေမယ့် ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုကို ယခုအချိန် အထိ ရယူနိုင်ခြင်း မရှိသေးပဲ ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် မခေါ်ရသေးတဲ့ ချယ်လ်ဆီးက အဆိုပါ အခွင့်အရေးကို အသုံးချကာ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဂျာကော့ဘ်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက မန်ချက်စတာ ယူနိုက်တက်နဲ့ ဒီဂျောင်တို့ ကြားမှာ စာချုပ်ကိစ္စ ဆွေးနွေးမှုကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ ဒီဂျောင်ကသာ မန်ချက်စတာ ယူနိုက်တက်ကို ငြင်းဆန်ခဲ့ရင် ဒီဂျောင်ကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းဖို့ စီစဉ်ထားကာ ဒီဂျောင်အတွက် ဘာစီလိုနာထံ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်အတိုင်း ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။