ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီနွေရာသီ နံပါတ်တစ် ပစ်မှတ် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကတော့ သူဟာ ကမ္ဘာ့အကြီးဆုံးအသင်းမှာ ရှိနေတဲ့ ကစားသမား တဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က နာမည်ကျော် အေဂျက်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး သူဟာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ တဦး ဖြစ်ကြောင်းကိုလည်း ဘာစီလိုနာနဲ့အတူ သက်သေပြထားနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီဂျောင်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်ဖို့ ပြင်ဆင်နေသလို တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ်လည်းဖြစ် ဒီဂျောင်ရဲ့ ဆရာဟောင်းလည်း ဖြစ်တဲ့ အဲရစ် တန်ဟက်ဂ်က ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

လက်ရှိအချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာဘက်က ဒီဂျောင်အတွက် အသားတင် ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း အထိ လိုချင်နေကာ မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီဂျောင်အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေးကို ယူရို ၈၀သန်းသာ ပေးချေချင်နေပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ လာမယ့်ရာသီမှာ ဒီဂျောင်ရဲ့ အသင်းက ဘာစီလိုနာပဲ ဖြစ်နေမလား ၊ ဒါမှမဟုတ် မန်ချက်စတာ ယူနိုက်တက် ဖြစ်လာမလား ဆိုတာ သေချာမှု မရှိသေးပဲ ဒီဂျောင်ကတော့ သူဟာ ကမ္ဘာ့အကြီးဆုံးကလပ်မှာ ရှိနေတာကြောင့် ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားမှု သိပ်မရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီဂျောင်က – “ဘောလုံးသမား တယောက်အနေနဲ့ ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ ရှိနေတဲ့ အပေါ် ကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အခုချိန်မှာ ကမ္ဘာ့အကြီးဆုံးအသင်းဆီ ရောက်နေတာပါ။ ပြီးတော့ ဘာစီလိုနာမှာ နေရတာကလည်း ကျွန်တော့်အတွက် အဆင်ပြေပါတယ်။ ဒါကြောင့် ဒီနေ့အထိ ဘာမှထူးခြားတာမျိုး မရှိသေးပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။