စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ ဘာစီလိုနာကို စွန့်ခွာကာ သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို ဘာစီလိုနာ ပရိသတ်တွေအား ပြောပြသွားခဲ့ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ အေဂျက် လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်သလို အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ရင်းတွေထဲက တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြဘဝ ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူချင်နေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေထံ တရားဝင် ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ဒီဂျောင်ကို လက်မလွှတ်ချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း အထက်သာ ရမယ် ဆိုရင် ဒီဂျောင်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားကြပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဒီဂျောင်အတွက် ဘာစီလိုနာဘက်က တောင်းဆိုမယ့် ပြောင်းရွှေ့ကြေးကို ပေးချေဖို့ စီစဉ်နေပါတယ်။

Photo Credit: Mirror

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ဒီဂျောင်ဟာ ယမန်နေ့မှာ ဘာစီလိုနာရဲ့ လေ့ကျင့်ရေးကွင်းက အပြန် သူ့ရဲ့ ဘောလုံးကန်ဖိနပ် ၅ရံနဲ့ အင်္ကျီ ၃ထည်ကို ဘာစီလိုနာ ပရိသတ်တွေဆီ ပေးကာ နှုတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီဂျောင်က ဘာစီလိုနာ ပရိသတ်တွေကို အသင်းကနေ သူ ထွက်ခွာဖို့ ရှိနေကြောင်းနဲ့ နေ့စဉ်နေ့တိုင်း သူ့ကို လာရောက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို နှုတ်ဆက်ချင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟက်ဂ်နဲ့ ဒီဂျောင်တို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ၃ကြိမ်အထိ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပြီ ဖြစ်ကာ ဒီဂျောင်က နွေရာသီ အပြောင်းအရွှေ့ အစမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။