စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်က ဘာစီလိုနာ အဝတ်လဲခန်းထဲမှာ ရှိတဲ့ သူ့ရဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားခဲ့ကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က ယခု နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာကို စွန့်ခွာမယ်လို့ သတင်းကြီးနေတဲ့ ကစားသမား တဦး ဖြစ်ပြီး ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

Photo Credit: AS English

ကနဦးမှာတော့ ဒီဂျောင်က ဘာစီလိုနာကနေ ထွက်ခွာဖို့ ငြင်းဆန်နေခဲ့ပေမယ့် ဘာစီလိုနာဘက်က သူ့ကို ရောင်းချဖို့ ဆုံးဖြတ်ထားတာကို ရှင်းရှင်းလင်းလင်း သိရှိသွားပြီးနောက် အသင်းကနေ ထွက်ခွာဖို့ လက်ခံခဲ့ပြီး သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် ပေါင်းစည်းဖို့ ခေါင်းညိတ်ထားပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြပြီး ဘာစီလိုနာဘက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီဂျောင်အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၇၀သန်း + အပိုဆုကြေး ယူရို ၁၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချထားကာ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ယူရို ၈၀သန်း + အပိုဆုကြေးတွေနဲ့ ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

Photo Credit: AS English

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ AS သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဂျောင်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘာစီလိုနာရဲ့ အဝတ်လဲခန်းထဲမှာ ရှိနေတဲ့ သူ့ရဲ့ ပစ္စည်းတွေ အားလုံးကို ပြန်လည် သိမ်းဆည်းသွားခဲ့သလို မကြာခင်မှာလည်း ဘာစီလိုနာ အသင်းဖော်တွေကို နှုတ်ဆက်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ကစားသမား တဦးက အသင်းကနေ ထွက်ခွာတော့မယ့် အချိန်မှသာ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို အသင်းရဲ့ အဝတ်လဲခန်းထဲကနေ ပြန်လည် သိမ်းဆည်းလေ့ ရှိတာကြောင့် မကြာခင်မှာပဲ ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။