စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်(၁၈)မှာ တယောက်လျော့ ဆီဗီးလားအသင်းကို အနိုင်မရခဲ့လို့ စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေပေမယ့် လာလီဂါ ပွဲစဉ်(၁၈) အဖြစ် အမှတ်ပေးဇယား အဆင့်၂နေရာက ဆီဗီးလားအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပေမယ့် ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားခဲ့ရပြီး အနိုင်ရရှိဖို့လည်း နီးစပ်ခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ဆီဗီးလာအသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၃၂မိနစ်မှာ ဆီဗီးလားအသင်းရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် ပွဲကစားချိန် ၄၅မိနစ်မှာပဲ နောက်ခံလူ အာရူဂျိုရဲ့ သွင်းဂိုးနဲ့ ချေပနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ပွဲကို အနိုင်ရရှိဖို့ အစွမ်းကုန် ကြိုးစားလာခဲ့ကာ ပွဲကစားချိန် ၆၄မိနစ်မှာ ဆီဗီးလား နောက်ခံလူ ခွန်ဒေက ဘာစီလိုနာ နောက်ခံလူ အယ်လ်ဘာကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ထိခဲ့ပြီး တယောက် အသာရသွားချိန်မှာ ဘာစီလိုနာအသင်းက အနိုင်ရရှိဖို့ ဆက်တိုက် ဆိုသလို တိုက်စစ်ဆင် ကစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် တဂိုးစီ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ သရေပွဲအတွက် စိတ်ပျက်နေကြတဲ့ ဘာစီလိုနာ အသင်းသားတွေကို အတိုင်းသား မြင်တွေ့ခဲ့ရပြီး ဘာစီလိုနာအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဂျောင်ကလည်း အနိုင်ရသင့်တဲ့ ပွဲတပွဲမှာ အနိုင်မရခဲ့လို့ စိတ်ပျက်ရကြောင်း ပွဲအပြီး အင်တာဗျူးမှာ ငြီးတွားသွားခဲ့ပါတယ်။

ဒီဂျောင်က – “ကျွန်တော်တို့က ဒီပွဲမှာ နိုင်ကို နိုင်ခဲ့သင့်တာပါ။ သူတို့က ၁၀ယောက်ထဲနဲ့ ၂၅မိနစ်လောက် ကစားခဲ့ရပါတယ်။ ကျွန်တော်တို့က အဲ့ဒီအချက်ကို အသုံးချပြီး ပွဲကို အနိုင်ရအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့က ဆီဗီးလားအသင်းထက် ခြေစွမ်းပိုင်း အသာစီး ရယူနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ ဒါက ဘာစီလိုနာအသင်းမှာ ရှိရမယ့် ခြေစွမ်းမျိုးပါပဲ။ ကျွန်တော်တို့က အမြဲတမ်း ပြိုင်ဘက်တွေထက် ခြေစွမ်း ပိုကောင်းနေဖို့ လိုအပ်ပါတယ်။ ဒီနေ့ပွဲမှာတော့ ခြေစွမ်းကောင်းခဲ့ပေမယ့် ရလဒ် မကောင်းခဲ့လို့ အတော်လေးကို စိတ်ပျက်မိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။