MySport Myanmar

လစာငွေ လျှော့မယူချင်တာကြောင့် ဘာစီလိုနာကနေ ထွက်ခွာရတော့မယ့် ဒီဂျောင်

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကတော့ လာမယ့် ဘောလုံးရာသီမှာ ဘာစီလိုနာဘက်က တောင်းဆိုထားတဲ့ အတိုင်း လစာငွေ လျှော့ယူဖို့ စိတ်ကူး မရှိတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က ၂၀၁၉ခုနှစ်မှာ အေဂျက်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၈၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ကျန်ရှိနေသေးသူပါ။

Photo Credit: Goal

ဒါပေမယ့် ဘာစီလိုနာက ယခုအချိန်မှာ ကြီးမားတဲ့ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ဒီဂျောင်ကို အသင်းကနေ ရောင်းချဖို့ ပြင်ဆင်နေသလို ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဒီဂျောင်အနေနဲ့ အသင်းမှာ ဆက်နေချင်ရင် သူ့ရဲ့ လုပ်ခလစာကို တဝက်နီးပါး လျှော့ချကာ စာချုပ်သစ် ချုပ်ပေးရမယ်လို့ အသိပေးထားပါတယ်။

ဒီဂျောင်က ဘာစီလိုနာမှာ တနှစ် လုပ်ခလစာ ယူရို ၁၄သန်း ရရှိနေပေမယ့် သူနဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်အရ ဒီဂျောင်ဟာ လာမယ့် ဘောလုံးရာသီမှ စတင်ကာ ဘာစီလိုနာမှာ တနှစ် လုပ်ခလစာ ယူရို ၂၀သန်းနဲ့ ၃၀သန်းကြား ရရှိဖို့ ရှိနေပြီး ဘာစီလိုနာဘက်က ဒီဂျောင်ကို အဆိုပါ လုပ်ခလစာ ပမာဏမျိုး မပေးချေနိုင်တာကြောင့်ပဲ လုပ်ခလစာ လျှော့ယူရင် အသင်းမှာ နေရမယ် ၊ မလျှော့ယူရင် တခြားအသင်းဆီ အရောင်းခံရမယ် ဆိုတဲ့ ရွေးချယ်မှုနှစ်ခုကို ဒီဂျောင်အား ပေးထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒီဂျောင်နဲ့ သူ့ရဲ့ အေးဂျင့်ဖြစ်သူတို့က လုပ်ခလစာ လျှော့ယူဖို့ စိတ်ကူးမရှိတာကြောင့် ဘာစီလိုနာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြပြီး ဒီဂျောင်က သူ့ရဲ့ ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေဖို့လည်း စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးက ဒီဂျောင်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ဘာစီလိုနာနဲ့ နှုတ်အားဖြင့် သဘောတူညီမှုကို ရယူထားနိုင်ကာ ဒီဂျောင်နဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်နေပါတယ်။

Exit mobile version