စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်က လာမယ့် သီတင်းပတ်ထဲမှာပဲ ဘာစီလိုနာကို စွန့်ခွာဖို့ ရှိနေသလို သူ့ရဲ့ အသင်းသစ် အဖြစ် ချယ်လ်ဆီးကို ရွေးချယ်ခဲ့ကြောင်း ဘာစီလိုနာနဲ့ ပတ်သတ်တဲ့ သတင်းတွေဆိုရင် ယုံကြည် စိတ်ချရတဲ့ နာမည်ကြီးသတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာက သူတို့အသင်းရဲ့ ကစားသမားသစ်တွေကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမားတွေထဲက တဦးလည်းဖြစ် ၊ ပြောင်းရွှေ့ကြေးလည်း မြိုးမြိုးမြက်မြက် ရနိုင်တဲ့ ဒီဂျောင်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ဒီဂျောင်ကို ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ထားကြပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းဆီနဲ့ အသီးသီး ကမ်းလှမ်းထားကြပြီး ဘာစီလိုနာကလည်း သူတို့နှစ်သင်းစလုံးရဲ့ ကမ်းလှမ်းမှုကို လက်ခံထားတာကြောင့် ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲ ဆိုတာကို ဒီဂျောင်ကသာ ဆုံးဖြတ်ရပါတော့မယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဂျောင်က ဘာစီလိုနာ ကနေ မဖြစ်မနေ ထွက်ခွာရမယ် ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ရထားသလို လန်ဒန်မြို့ခံ ကလပ်လည်း ဖြစ်တဲ့ ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Photo Credit: Mirror

ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ရိုမဲရိုးကလည်း ဒီဂျောင်ဟာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း ယနေ့ နေ့လယ်ပိုင်းမှာပဲ ထပ်ဆင့် အတည်ပြု ဖော်ပြသွားသလို ဘာစီလိုနာက ဒီဂျောင်ကို လာမယ့်အပတ်ထဲမှာပဲ အပြီးသတ် ရောင်းချဖို့ ရှိနေကြောင်း ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူဖို့ ကာလရှည် ကြိုးပမ်းခဲ့တာ ဖြစ်ပေမယ့် ဒီဂျောင်က ချန်ပီယံလိဂ် ကန်ချင်နေသလို ဒီဂျောင်ရဲ့ ရည်းစားဖြစ်သူကလည်း မိုးများကာ အမြဲတမ်းလိုလို အေးစိမ့်စိမ့် ဖြစ်နေတတ်တဲ့ မန်ချက်စတာမြို့ထက် အင်္ဂလန်ရဲ့ မြို့တော်ဖြစ်တဲ့ လန်ဒန်မြို့မှာသာ နေချင်တာကြောင့် ဒီဂျောင်အနေနဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း နီးစပ်သူတွေက ပြောကြားထားပါတယ်။