စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်က သူတို့အသင်းဟာ ယခုတပတ်မှာ ကစားမယ့် အယ်ကလပ်စီကိုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ယူနိုင်စွမ်း ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က ခေတ်အဆက်ဆက် ပြိုင်ဆိုင်ခဲ့ကြတဲ့ ပြိုင်ဘက်တွေ ဖြစ်သလို ယခုနှစ်မှာလည်း နှစ်သင်းစလုံးက ခြေစွမ်းကောင်းတွေ ကိုယ်စီ ရရှိထားတာကြောင့် လာလီဂါ ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။

Photo Credit: Marca

လာလီဂါပွဲစဉ်(၈) အပြီးမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးက ရှုံးပွဲ မရှိသေးသလို ၇ပွဲနိုင်ကာ ၁ပွဲ သရေ ကျထားတဲ့ ရလဒ်ပိုင်းလည်း တူညီနေပြီး ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ထက် ဂိုးကွာခြားချက် ၇ဂိုး အသာရထားလို့သာ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထားတာပါ။

ဒါကြောင့် မနက်ဖြန်မှာ ယှဉ်ပြိုင် ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲတပွဲ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရရှိမှာ ဖြစ်သလို ရှုံးနိမ့်သွားတဲ့ အသင်းကတော့ ဒုတိယနေရာဆီ ရောက်သွားဖို့ ရှိနေပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးက အယ်ကလပ်စီကိုပွဲမှာ အနိုင်ရဖို့ အတွက် အစွမ်းကုန် ကြိုးစား ပြင်ဆင်နေကြပြီး ဘာစီလိုနာရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကတော့ သူတို့အသင်းဟာ ရီးရဲလ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရဖူးတာကြောင့် ယခုတခေါက်မှာလည်း အဲ့ဒီလို ရလဒ်မျိုးနဲ့ အနိုင်ရလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ဆိုပါတယ်။

ဒီဂျောင်က – “ကျွန်တော့်ရဲ့ အယ်ကလပ်စီကိုပွဲ အတွက် ပွဲကြို ခန့်မှန်းချက်လား? ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ နောက်ထပ်တကြိမ် ထပ်ပြီး အနိုင်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဒီပွဲက ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။