MySport Myanmar

ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရမလာခဲ့ရင် ဘောလုံးသမားဘဝက အနားယူသွားမယ့် ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းကနေ ထွက်ခွာပြီး အသင်းလက်မဲ့ ကစားသမား ဖြစ်နေရတဲ့ ထိပ်တန်း ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရမလာခဲ့ရင် ဘောလုံးသမားဘဝကနေ အနားယူသွားတော့မယ်လို့ သိရပါတယ်။

အသက် (၃၃)နှစ်အရွယ် စပိန် လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာဟာ မန်ယူနိုက်တက်အသင်းနဲ့ ဆယ်စုနှစ်တစ်ခုကြာအထိ ဖြတ်သန်းခဲ့သူ ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီအကုန်မှာပဲ ယူနိုက်တက်က ဒီဂီယာကို စာချုပ်သက်တမ်းသစ် တိုးမြှင့် ကမ်းလှမ်းခြင်း မရှိပဲ အသင်းကနေသာ ထွက်ခွာခွင့် ပြုခဲ့ပါတယ်။

Photo Credit : Goal

ဒီဂီယာလို ထိပ်တန်း ဂိုးသမားတစ်ဦး အသင်းလက်မဲ့ ဖြစ်သွားချိန်မှာ ဥရောပထိပ်သီး ကလပ်အသင်းတွေထဲကမှ ဂိုးသမား လိုအပ်ချက် ရှိနေတဲ့ အသင်းတွေက ဒီဂီယာကို ချိတ်ဆက်မှုတွေ ရှိလာခဲ့ပေမယ့်လည်း သူရဲ့ လုပ်ခလစာ မြင့်မားလွန်းမှုနဲ့ ပထမနေရာအတွက် အာမခံချက် မပေးနိုင်တာတွေက ဒီဂီယာကို ခေါ်ယူနိုင်ဖို့ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။

အင်တာမီလန် ဘိုင်ယန်မြူးနစ် ရီးယဲလ်မက်ဒရစ် အသက်လက်တီကို နယူးကာဆယ်တို့လို အသင်းတွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တဲ့ ဒီဂီယာဟာ ဆော်ဒီကလပ်တွေရဲ့ ရေဒါထဲမှာလည်း ပါဝင်ခဲ့ပေမယ့် ဒီဂီယာကတော့ ဥရောပမှာပဲ ကစားသမားဘဝကို ကျင်လည်ချင်နေတဲ့အတွက် ဆော်ဒီဘက်က စိတ်ဝင်စားမှုတွေကို လစ်လျူရှုထားခဲ့ပါတယ်။

Photo Credit : DAZN

အခုဆိုရင်တော့ ဒီဂီယာဟာ ဘောလုံးလောကနဲ့ ကင်းကွာနေခဲ့တာက (၁)နှစ်နီးပါးလောက်အထိ ကြာမြှင့်သွားခဲ့ပြီဖြစ်ပြီး တစ်ဦးတည်းသီးသန့် လေ့ကျင့်ခန်းတွေလည်း အဆက်မပြတ် လုပ်ဆောင်နေတဲ့ ဒီဂီယာက ဘောလုံးပြန်ကစားခွင့် ရရှိဖို့ကိုလည်း စိတ်အားထက်သန်လို့နေပါတယ်။

ဒါပေမယ့် ဒီဂီယာက သူ့အတွက် ဥရောပ ကလပ်အသင်းတွေဘက်ကနေ ပွဲထွက်ဂိုးသမားအဖြစ် အာမခံချက်အပြည့်နဲ့ ကမ်းလှမ်းလာမယ့် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေ ရှိမလာခဲ့ဘူးဆိုရင်တော့ ဒီဂီယာအနေနဲ့ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို တရားဝင် အဆုံးသတ်လိုက်ဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Exit mobile version