မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးရှားလ်က အသင်းရဲ့ဂိုးသမားတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဒီဂီယာဟာ မတ်လဆန်းပိုင်းကတည်းက အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိပဲ ဒင်းဟန်ဒါဆန်ကသာ ယူနိုက်တက်အတွက် ပွဲထွက်ဂိုးသမားအဖြစ် ဆက်တိုက်ကစားနေရတာဖြစ်ပေမယ့် ဒီဂီယာက အသင်းအတွက် သေချာပေါက်ကို ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ စပိန်လက်ရွေးစင် ဂိုးသမားဒီဂီယာဟာ ဖေဖော်ဝါရီ (၂၈)ရက်နေ့က ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီးနောက် တစ်လနီးပါးလောက် အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိသလို မနေ့ညက ဘရိုက်တန်နဲ့ပွဲစဉ်မှာလည်း အရန်စာရင်းမှာသာ ပါဝင်လာခဲ့ရပါတယ်။ ဒီဂီယာနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြ ဆိုးရှားလ်က “ကျွန်တော့်ဆီမှာ တကယ့်ကို ထိပ်တန်းဂိုးသမား (၂)ယောက်တောင် ရှိနေပါတယ်။ (၂)ယောက်လုံးကလည်း နံပါတ်(၁)ဂိုးသမားတွေပါ။ ဒေးဗစ်ဒီဂီယာက သူရဲ့နိုင်ငံကို ပြန်သွားခဲ့ရပြီးတော့ နိုင်ငံတကာရက်သတ္တပတ်ကိုပါ ဖြတ်သန်းခဲ့ရတာကြောင့် တစ်လနီးပါးလောက် အသင်းအတွက် ပါဝင်ရခြင်း မရှိခဲ့ပါဘူး”

Photo Credit : Qlur

“ဒါပေမယ့် သူ ကျွန်တော်တို့အသင်းအတွက်ကိုတော့ သေချာပေါက် ပြန်လည်ကစားပေးနိုင်တော့မှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ နံပါတ်တစ်ဂိုးသမားအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါးလောက်အထိ ပါဝင်ကစားခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ရှက်ဖီးယူနိုက်တက်ကနေ အငှားစာချုပ်ပြည့်လို့ အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဒင်းဟန်ဒါဆန်နဲ့ ပွဲထွက်ဂိုးသမားအဖြစ် အပြိုင်အဆိုင် ဖြစ်လာခဲ့သလို ဒီနောက်ပိုင်းပွဲစဉ်တွေမှာလည်း နည်းပြဆိုးရှားလ်က ဒီဂီယာထက် ဒင်းဟန်ဒါဆန်ကိုသာ ပွဲထွက်ခွင့် ပိုပေးလာခဲ့ပြီး ဒီဂီယာက နေရာပျောက်လာခဲ့ရပါတယ်။ ဒါ့အပြင် ဒီဂိုးသမား (၂)ယောက်ရဲ့ ဂိုးဖမ်းပုံနဲ့ပတ်သက်ပြီး တွက်ချက်ထားတဲ့ စစ်တမ်းတွေအရ ဒီဂီယာက မိနစ်(၉၀)အတွင်းမှာ ဂိုးပေးရနှုန်းက (၁.၂၃)ဂိုးအထိ ရှိခဲ့သလို ဂိုးပေါက်ကာကွယ်မှုက (၆၇.၅)% အထိ ရှိခဲ့ပေမယ့်လည်း ဒင်းဟန်ဒါဆန်ကတော့ မိနစ်(၉၀)အတွင်း ဂိုးပေးရနှုန်းက (၀.၆၂)ဂိုးသာ ရှိနေခဲ့တဲ့အပြင် ဂိုးကာကွယ်မှုနှုန်းကလည်း (၈၄)%အထိကို ရှိနေရပါတယ်။