ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ ဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးကိုပါ ထပ်မံ အနိုင်ယူနိုင်စွမ်း ရှိကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၂ပွဲစလုံး ရှုံးနိမ့်ခဲ့ရတဲ့ ဘရိုက်တန်နဲ့ ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်ဟာ အဓိက ဗဟိုခံစစ်မှူးတွေ ဖြစ်တဲ့ ဗာရန်း ၊ မာတီနက်ဇ်နဲ့ မက်ဂွိုင်းယားတို့ကို မထည့်သွင်းနိုင်ခဲ့ပေမယ့် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Laccib

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ်ဆင် ကစားသွားခဲ့တာကြောင့် ပွဲက ကြည့်ကောင်းခဲ့ပေမယ့် နှစ်ဖက် တိုက်စစ်မှူးတွေက ဂိုးသမားတွေ ဖြစ်တဲ့ ဒီဂီယာနဲ့ ဆန်းချက်ဇ်တို့ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာကြောင့် သွင်းဂိုးတွေတော့ မမြင်တွေ့ခဲ့ရပါဘူး။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့က သာမန် ပွဲကစားချိန် အတွင်းမှာရော ၊ အချိန်ပိုမှာပါ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အားလုံးက သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ချိန်မှာ ဘရိုက်တန် ကစားသမား မတ်က ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ၇-၆ ဆိုတဲ့ ရလဒ်နဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး မန်ချက်စတာနှစ်သင်း အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ လာရောက် တွေ့ဆုံတာဟာ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ဇွန်လ ၃ရက်နေ့မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ တက်နိုင်ခဲ့ပေမယ့် သူတို့ ရင်ဆိုင်ရမယ့် အသင်းက လက်ရှိ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီး ဖြစ်နေတာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးကပဲ အနိုင်ရလိမ့်မယ်လို့ တထစ်ချ ခန့်မှန်းနေကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမား ဖြစ်သူ ဒီဂီယာကတော့ အဆိုပါ ခန့်မှန်းချက်တွေကို သဘောမတူပဲ သူတို့အသင်းဟာ မန်ချက်စတာ စီးတီးကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ဆိုလာပါတယ်။ ဒီဂီယာက – “ဗိုလ်လုပွဲ ကစားဖို့ အဝေးကြီး လိုပါသေးတယ်။ ကျွန်တော်တို့က ဗိုလ်လုပွဲမှာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်လို့ အဲ့ဒီပွဲက ပွဲကောင်း တပွဲ ဖြစ်လာမှာ သေချာပါတယ်။ ကျွန်တော်တို့က မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရတဲ့ ပွဲမှာပဲ ကျွန်တော်တို့ဟာ သူတို့ကို အနိုင်ယူနိုင်တယ် ဆိုတာကို ပြသပြီးပါပြီ။ ဗိုလ်လုပွဲ ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ အရင်ဆုံး ကျွန်တော်တို့က အဆင့်၄ထဲ သေချာပေါက် ဝင်အောင် လုပ်ရပါမယ်။ ပြီးရင်တော့ ဗိုလ်လုပွဲမှာ အနိုင်ရအောင် အစွမ်းကုန် ကြိုးစားပါမယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။