MySport Myanmar

ငါ ဂိုးသွင်းခွင့်ပေးမှ မင်းသွင်းနိုင်မယ်ဆိုပြီး ဘရူနိုကို စကားနာထိုးလိုက်တဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာက သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်သူ လက်ရှိ ယူနိုက်တက်အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ဖီအိုရင်တီးနားအသင်းနဲ့အတူ အိုးထရက်ဖို့ဒ်သို့ ပြန်မလာခင်မှာ စနောက်စကားဆိုလိုက်ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ (၁၂)နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ အသင်းကနေ ထွက်ခွာခဲ့ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လမှာပဲ အီတလီကလပ် ဖီအိုရင်တီးနားအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ လာမယ့် စနေနေ့ (သြဂုတ်လ ၉ ရက်)မှာတော့ စပိန်ဂိုးသမားရဲ့ လက်ရှိအသင်းဟာ ယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ရာသီကြိုခြေစမ်းပွဲအဖြစ် လာရောက်ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွယ် ဒီဂီယာကို ဂိုးသွင်းချင်တယ်လို့ ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပြီးနောက်မှာတော့ ဂိုးသမားဖြစ်သူက ပေါ်တူဂီလက်ရွေးစင်ကို ဗီဒီယိုမက်ဆေ့ချ်တစ်ခုကနေတစ်ဆင့် အခုလို ပြန်လည်စနောက်ခဲ့တာပါ။

သူ့ရဲ့ဗီဒီယိုထဲမှာ ဒီဂီယာက “ဟယ်လို မင်းတို့သိတဲ့အတိုင်းပဲ ငါ မင်းတို့ရဲ့အိမ်ကို ပြန်လာတော့မယ်။ ဒါက ငါ့အတွက်တော့ သေချာပေါက် အမှတ်တရဖြစ်စေမယ့် ပွဲတစ်ပွဲပါ။ ဘရူနို မင်းငါ့ကို ဂိုးသွင်းလို့မရဘူးနော်။ တကယ်လို့ မင်းသွင်းနိုင်ခဲ့ရင်တောင် အဲ့ဒါ ငါက သွင်းခွင့်ပေးလိုက်လို့ပဲ။ ဒါမှ လူတွေက မင်းနာမည်ကို ဆက်ပြီး သီချင်းဆို အော်ဟစ်ကြမှာပေါ့။ ဟားဟား၊ နောက်တာပါ။ တကယ်တမ်းတော့ မင်းနဲ့ပြန်တွေ့ဖို့ ငါမစောင့်နိုင်တော့ဘူး သူငယ်ချင်း။ အိုးထရက်ဖို့ဒ်မှာ အားလုံးနဲ့ ပြန်တွေ့ဖို့လည်း အရမ်းစိတ်လှုပ်ရှားနေပြီ။ စနေနေ့မှာ တွေ့မယ်။ See you soon” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Anthony Okereke’s Facebook

ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားခဲ့တဲ့ ဒီဂီယာဟာ စုစုပေါင်း (၅၄၅)ပွဲအထိ ပါဝင်ကစားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမားစာရင်းမှာ အဆင့်(၇)နေရာမှာ ရပ်တည်နေသူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က အသင်းကနေ ထွက်ခွာခဲ့စဉ်က သိပ်ပြီးမခမ်းနားတဲ့ အခြေအနေနဲ့ ထွက်ခွာခဲ့ရပေမယ့် အခုအခါမှာတော့ ကလပ်အသင်းက သူ့ရဲ့ကြိုးပမ်းမှုတွေကို လေးစားမှု ပြသတဲ့အနေနဲ့ ပွဲမစတင်မီ ဂုဏ်ပြုဆုပေးအပ်ပွဲတစ်ခု ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

နည်းပြရူဘင် အမိုရင်ရဲ့ ယူနိုက်တက်အသင်းအတွက် ဒီပွဲစဉ်ဟာ ရာသီကြိုကာလ နောက်ဆုံးခြေစမ်းပွဲဖြစ်ပြီး ဒီပွဲအပြီးမှာတော့ သြဂုတ်လ (၁၇)ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။

Exit mobile version