မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပင်တိုင်ဂိုးသမားတစ်ဦးဖြစ်သူ ဒေးဗစ်ဒီဂီယာက ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပေမယ့်လည်း သူကတော့ ယူနိုက်တက်မှာပဲ အချိန်ကာလများစွာ ဆက်လက် ပါဝင် ကစားသွားချင်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၃၁)နှစ်အရွယ်ရှိ စပိန်ဂိုးသမား ဒီဂီယာဟာ ၂၀၁၁ခုနှစ်ကတည်းက ယူနိုက်တက်မှာ ပါဝင်ကစားနေခဲ့တာဖြစ်ပြီး လက်ရှိမှာဆိုရင် သူဟာ ကလပ်အသင်းအတွက် (၄၉၉)ပွဲအထိ ကစားပေးထားနိုင်တာဖြစ်လို့ ဒီနေ့ည နယူးကာဆယ်နဲ့ပွဲမှာပဲ ပွဲ(၅၀၀) ပြည့်မြောက်ရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း နည်းပြအဲရစ်တန်ဟက်ဂ်လက်အောက်မှာ ယူနိုက်တက်ရဲ့ ပွဲစဉ်မှန်သမျှကို တောက်လျှောက် ပါဝင်ခွင့်ရရှိနေတဲ့ ဒီဂီယာက ရာသီအကုန်မှာ သူရဲ့စာချုပ်က ကုန်ဆုံးရမှာဖြစ်ပေမယ့် သူရဲ့လက်ရှိ ကစားပုံက စာချုပ်သစ်ချုပ်ဆိုဖို့ လုံလောက်တဲ့ အနေအထားမျိုး ဖြစ်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : Streety News

ဒီဂီယာက “ဒါက ကျွန်တော်ရဲ့ကလပ်အသင်းပါ။ ဒီနေရာက ကျွန်တော်ရဲ့ ခံစားချက်တွေ ကောင်းမွန်နေတဲ့ နေရာပါ။ ကျွန်တော် ကောင်းကောင်း ကစားနေတယ်။ ခံစားချက်တွေ ကောင်းမွန်နေတယ်။ နောက်ထပ် နှစ်တွေအများကြီး ကစားဖို့ ကျန်နေသေးတယ်လို့ ကျွန်တော် ထင်နေမိပါတယ်။ ကျွန်တော် ယုံကြည်မှုတွေ ပိုရှိလာပါတယ်။ ကျွန်တော် ဒီမှာ နောက်ထပ် နှစ်တွေအများကြီး ဆက်လက် ရှိနေချင်ပါတယ်။ ပွဲတွေရဲ့ စံချိန်မှတ်တမ်းတွေနဲ့ စံချိန်တွေအားလုံးကို ရယူချင်ပါတယ်။ ကျွန်တော်ရဲ့အတွေ့အကြုံတွေနဲ့အတူ ဒီမှာရှိတဲ့ လူငယ်တွေကို ကူညီပေးသွားချင်ပါတယ်။ ဆုဖလားတွေရအောင်လည်း ကြိုးစားသွားချင်ပါတယ်။ ပွဲအတွင်းနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေအတွင်းမှာ ကျွန်တော် အရမ်းအဆင်ပြေနေတယ်လို့ ခံစားရတယ်။ အတွေ့အကြုံတွေ ပိုရလာလေလေ ခံစားချက်တွေက ပိုကောင်းလာလေလေပါပဲ။ ဒါက ကျွန်တော်ရဲ့ အထွတ်အထိပ်နှစ်တွေလို့တောင် ထင်မိပါတယ်။ ကျွန်တော် ခံစားချက်တွေ ကောင်းမွန်နေပြီး နှစ်တွေအများကြီး ကစားသွားချင်ပါတယ်။ အရေးအကြီးဆုံးကတော့ အသင်းကို ဆုဖလားတွေ ရယူသွားနိုင်ဖို့ ကြိုးစားနေသလို အသင်းအတွက်ကိုလည်း နေ့ရက်တိုင်း ကြိုးစားကူညီပေးနေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။