မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဒေးဗစ်ဒီဂီယာက လက်ရှိမှာ အသင်းနဲ့ သူနဲ့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက (၆)လသာ ကျန်ရှိနေတော့ပေမယ့်လည်း အသင်းနဲ့ သက်တမ်းတိုးသွားချင်သလို သူရဲ့ကစားသမားဘဝကိုလည်း ယူနိုက်တက်မှာပဲ ကုန်ဆုံးသွားချင်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : The Busby Bee

၂၀၁၁ခုနှစ်ကတည်းက အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဒီဂီယာဟာ လက်ရှိ ယူနိုက်တက် ကစားသမားတွေထဲမှာ အသင်းရဲ့ သက်တမ်းရှည် ကစားသမားတစ်ဦး ဖြစ်သလို နှစ်တိုင်းမှာလည်း အသင်းကနေ ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားတွေကို သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန်ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်လို့ သူ့ကို အသင်းဘက်က သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး ဒီဂီယာကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းမှာပဲ နောက်ထပ် နှစ်ပေါင်းများစွာ ပါဝင်သွားချင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။

Photo Credit : ESPN

စာချုပ်ကိစ္စနဲ့ ပတ်သတ်ပြီး ဒီဂီယာက “အဲ့ဒါနဲ့ ပတ်သတ်ရင်တော့ ကျွန်တော် စိတ်အေးလက်အေးပဲ ရှိနေပါတယ်။ လေ့ကျင့်ရေးမှာပဲ အာရုံစိုက်တယ်။ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်တယ်။ ဒါပေမယ့် သေချာတာကတော့ နည်းလမ်းကောင်းတစ်ခုနဲ့ အဆုံးသတ်လိမ့်မယ်ဆိုတာပါပဲ။ ဒီမှာ ကျွန်တော်ရဲ့ ကစားသမားဘဝကို ကုန်ဆုံးသွားဖို့ မျှော်လင့်ပါတယ်။ ဒါက ကျွန်တော်ရဲ့အသင်းပါ။ ဒီအသင်းမှာ နှစ်ပေါင်းများစွာ ရှိလာခဲ့ရတာကို အရမ်း ဂုဏ်ယူမိသလို အရမ်းလည်း ပျော်ရွှင်မိပါတယ်။ အခု ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းကစားနေနိုင်ပါတယ်။ တတ်နိုင်သမျှ ဒီ ပုံစံကို ထိန်းသိမ်းပြီး ပွဲတိုင်းကို ဗိုလ်လုပွဲသဖွယ် ကစားသွားရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီဂီယာဟာ လက်ရှိ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်လက်အောက်မှာ ပွဲတိုင်းနီးပါး ပါဝင်ထားခဲ့ရသလို ၂၀၂၂ကာတာကမ္ဘာ့ဖလားအပြီး ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်ကနေ အခုထိကိုလည်း (၄)ပွဲဆက်တိုက်အထိ clean sheets တွေ ရယူပေးထားနိုင်ခဲ့ပါတယ်။ ဒီဂီယာဟာ ယူနိုက်တက်မှာ ဆက်ရှိနေဖို့အတွက် သူရဲ့လက်ရှိ လုပ်ခလစာဖြစ်သော ပေါင်(၃၇၅၀၀၀)ကို လျှော့ယူသွားဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။