MySport Myanmar

အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့တဲ့ ဒီဟေးယား

 မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဒါးဗစ် ဒီဟေးယားက လက်ရှိအချိန်မှာ free agent player တစ်ဦး ဖြစ်နေချိန် ဂိုးသမားသစ် ခေါ်ယူရဖို့ ရှိနေတဲ့ အင်တာမီလန်က ဒီဟေးယားကို ချဉ်းကပ်လာခဲ့ရာ ဒီဟေးယားကတော့ အင်တာရဲ့ကြိုးပမ်းမှုကို ပယ်ချသွားခဲ့ပါတယ်။

Photo Credit : The Sun

 မန်ယူနိုက်တက်မှာ (၁၂)နှစ်တိုင်အထိ ပါဝင် ကစားခဲ့ပြီး ဒီနွေမှပဲ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့ ဒီဟေးယားဟာ တကယ်တော့ ယူနိုက်တက်မှာသာ သူရဲ့ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းလိုပေမယ့်လည်း အသင်းဘက်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ သေချာ လုပ်ဆောင်ခြင်း မရှိပဲ အိုနာနာကိုသာ ခေါ်ယူနိုင်ရေးအတွက် ဦးစားပေး လုပ်ဆောင်နေရာကနေ နောက်ဆုံးမှာတော့ ဒီဟေးယား နဲ့ ယူနိုက်တက်တို့ လမ်းခွဲဖို့ အကြောင်းဖန်သွားခဲ့ရပါတယ်။

Photo Credit : TEAMtalk

 ဒီအချိန်မှာ သူတို့ရဲ့ ကင်မရွန်း ဂိုးသမား အိုနာနာကို ယူနိုက်တက်အသင်းဆီ ရောင်းချထဲ့ရတဲ့ အင်တာမီလန်အသင်းက အိုနာနာနေရာမှာ အစားထိုးဖို့အတွက် ယူနိုက်တက် ဂိုးသမားဟောင်း ဒီဟေးယားကို တစ်နှစ်လုပ်ခ ယူရို (၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် ဒီဟေးယားကတော့ အင်တာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး တစ်နှစ် လုပ်ခအဖြစ် အခွန်ပါဆောင်အပြီး ယူရို (၁၀)သန်းအထိ အလိုရှိတယ်လို့ အင်တာဘက်ကို အကြောင်းပြန်ခဲ့ပါတယ်။ ဒါကြောင့် အင်တာဘက်က ဒီဟေးယားထက် ဘိုင်ယန် ဂိုးသမား ယန်း ဆွန်းမားကိုသာ ပိုမို အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။

 ဒီဟေးယားအနေနဲ့ကတော့ သူရဲ့ ဘောလုံးသမားဘဝကို စပိန် လာလီဂါ ကလပ်အသင်း တစ်သင်းသင်းမှာ ပြန်လည် ဖြတ်သန်းလိုပေမယ့် သူရဲ့ လုပ်ခ လစာကိုလည်း အရမ်း မလျော့သွားချင်တာကြောင့် ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကိုသာ လက်ခံသွားဖွယ် ရှိနေပါတယ်။

Exit mobile version