အသင်းကနေ ဆွစ်ဇာလန် ဂိုးသမား ယန်း ဆွန်းမား ထွက်ခွာသွားဖို့ ရှိနေပြီး နောက်ထပ် အရန် ဂိုးသမား နူဘယ်ကိုလည်း စတုဂတ်ဆီ အငှားချခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂိုးသမားတစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေသလို သူတို့ရဲ့ shortlist ထဲမှာလည်း မန်ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာပါ ပါဝင်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီ လက်ကျန် ရာသီဝက်မှာ ဂိုးသမားကြီး နူအာ ဆိုးဆိုးရွှားရွှား ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် မိုချန်ဂလာဘတ်ကနေ ဆွစ် ဂိုးသမား ဆွန်းမားကို ခေါ်ယူခဲ့ပေမယ့် လက်ရှိမှာလည်း ဆွန်းမား အနာဂတ်က မရေရာတော့ပဲ ဂိုးသမား လိုအပ်နေတဲ့ အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

Photo Credit : Bavarian Football Works

လက်ရှိ ဘိုင်ယန် နည်းပြ သောမတ်စ် တူဟယ်လ်ကလည်း ဆွန်းမားကို သိပ် သဘောကျသူ မဟုတ်လို့ အင်တာဆီ ရောင်းချဖို့ ရှိနေပြီး အသင်းရဲ့ ဂိုးပေါက်မှာလည်း နူအာ တစ်ဦးတည်းသာ အခိုင်အမာ အသုံးပြုသွားဖို့ အပြိုင်အဆိုင် သဘောမျိုး ဖြစ်စေဖို့အတွက် ကွာလတီ ဂိုးသမားတစ်ဦးကို ထပ်မံ ဖြည့်တင်းဖို့ ရှိနေပါတယ်။

မနေ့ကပဲ ဘရန့်ဖို့ဒ်ရဲ့ စပိန် ဂိုးသမား ဒေးဗစ် ရာယာနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဘိုင်ယန်ဟာ ဂိုးသမား ရာယာ အပါအဝင် ဂိုးသမား တော်တော်များများကို စောင့်ကြည့်လျက် ရှိနေပြီး သူတို့ စောင့်ကြည့်နေတဲ့ ဂိုးသမားတွေထဲမှာ မကြာသေးခင်ကမှ မန်ယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ ဂိုးသမား ဒီဂီယာပါ ပါဝင်လို့နေပါတယ်။

Photo Credit : Twitter

စပိန် လက်ရွေးစင်ဟောင်း ဒီဂီယာက ယူနိုက်တက်မှာ (၁၂)နှစ်တိုင် လက်တွဲခဲ့ပေမယ့် ဒီရာသီမှာ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီး free agent player တစ်ဦး ဖြစ်နေရပါတယ်။ မကြာသေးခင်ကတော့ ဒီဂီယာကို အင်တာအသင်းက ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အင်တာရဲ့ တစ်နှစ်လုပ်ခ ယူရို (၅)သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ ဒီဂီယာက ပယ်ချခဲ့ပါတယ်။

လက်ရှိ ဘိုင်ယန် ပစ်မှတ်ထားနေတဲ့ ဂိုးသမားတွေထဲမှာ ဒီဂီယာအပြင် ဂျုဗင်တပ်စ် ဂိုးသမား ရှက်ဇနီလည်း ပါဝင်လို့ နေပေမယ့် ဒီဂီယာက ပြောင်းရွှေ့ကြေး မပါဝင်ပဲ ခေါ်ယူနိုင်မှာ ဖြစ်သလို ဂိုးသမားကြီး နူအာဟာလည်း မကြာခင်မှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်ရတော့မယ့် အသက်အရွယ်မျိုး ဖြစ်နေပြီမို့ ဒီဂီယာကို ခေါ်ယူထားဖို့ ရှိနေပါတယ်။ ဒါကြောင့် ဘိုင်ယန်ဘက်က ဒီဂီယာနဲ့ ဆက်သွယ်ပြီး အသင်းဆီ ပြောင်းရွှေ့လိုခြင်း ရှိမရှိ မေးမြန်းသွားချင်နေပါတယ်။