MySport Myanmar

ဒီဂီယာက ကမ္ဘာ့အဆင့် ကစားသမား ဖြစ်နေဆဲပဲလို့ ဖီအိုရင်တီးနားနည်းပြ ချီးကျူး

ဖီအိုရင်တီးနားအသင်းရဲ့ နည်းပြ ပယ်လ်လာဒီနိုက အေစီမီလန်အသင်းနဲ့ စီးရီးအေပွဲစဉ်မှာ ပင်နယ်တီ ကာကွယ်မှု (၂)ကြိမ်တိုင်တိုင် ပြုလုပ်ပေးသွားခဲ့တဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဖြစ်နေဆဲပဲလို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်းကြီး ဒီဂီယာဟာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း တစ်နှစ်အကြာအထိ ဘယ်အသင်းဆီမှ မပြောင်းရွှေ့ခဲ့ပဲ ဒီနွေမှသာ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Youtube

စပိန်လက်ရွေးစင်ဟောင်း ဒီဂီယာဟာ ဒီရာသီမှာ ဖီအိုရင်တီးနားအသင်းအတွက် ပြိုင်ပွဲစုံ (၆)ပွဲ ကစားထားရပြီး ယူရိုပါ ကွန်းဖရန့်စ်လိဂ် ပလေးအော့ ဒုတိယအဆင့်ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်ခံယူချိန် လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်ဆောင်ခဲ့သလို အခုလည်း မီလန်နဲ့ပွဲမှာ ပွဲချိန်အတွင်း ပင်နယ်တီ ကန်သွင်းမှု (၂)ကြိမ်လုံးကို ကာကွယ်သွားခဲ့ပါတယ်။

ဒီဂီယာဟာ ဖီအိုရင်တီးနားနဲ့ ပွဲဦးထွက်မှာပဲ (၃)ဂိုးအထိ ခွင့်ပြုပေးခဲ့ရလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာတော့ ပုံမှန်လက်စွမ်း ပြန်လည် ပြသထားနိုင်သလို အမ်ပိုလီနဲ့ပွဲမှာ clean sheet ရယူနိုင်ခဲ့ကာ မီလန်နဲ့ပွဲမှာလည်း အေဘရာဟမ် ဟာနန်ဒက်ဇ်တို့ရဲ့ ပင်နယ်တီ ကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit : Reuters

ဒီလို လက်စွမ်းကောင်းတွေ ပြသနေတဲ့ ဒီဂီယာနဲ့ ပတ်သက်ပြီး ဖီအိုရင်တီးနားနည်းပြ ပယ်လ်လာဒီနိုက “သူက သားရဲတစ်ကောင်လို ဖြစ်နေဆဲဆိုတာ ယုံကြည်လိုက်ပါ။ သူက ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်နေဆဲပါပဲ။ သူက ဘာကြောင့် တကယ့်အစစ်အမှန် အောင်မြင်ခဲ့တဲ့သူ ဖြစ်ခဲ့သလဲဆိုတာကို မြင်တွေ့နိုင်ပါတယ်။”

“ကျွန်တော်တို့အနေနဲ့ သူ ဒီကို ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် သူ့ကို ကျွန်တော်တို့က နေ့တိုင်း ကျေးဇူးတင်သင့်ပါတယ်။ သူက ထိပ်တန်း ဂိုးသမားတစ်ယောက်နဲ့ ကစားသမားလေးတွေအတွက် စံနမူနာယူချင်စရာ ကစားသမားတစ်ယောက်ပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version