မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက် အခုချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရတဲ့ စပိန် ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ စပိန် ဒုတိယတန်းကလပ် အယ်လ်ဒန်ဆီအသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးမှ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခဲ့ရတဲ့ စပိန် လက်ရွေးစင်ဟောင်း ဒီဂီယာဟာ လက်ရှိအချိန်ထိ ကလပ်အသင်းသစ် ရှာမတွေးသေးပဲ free agent player အဖြစ်နဲ့သာ ကျင်လည်နေသလို အသင်းစုံနဲ့လည်း သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။

Photo Credit : El Espanol

ဘိုင်ယန်မြူးနစ် အင်တာမီလန် ရီးယဲလ်မက်ဒရစ်တို့လို ထိပ်တန်းကလပ်တွေအပြင် အသင်းဟောင်း ယူနိုက်တက်နဲ့ပါ သတင်းတွေပြန်ထွက်ပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ ရီးယဲလ်ဘက်တစ်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သတင်းထွက်လာပြန်တဲ့ ဒီဂီယာဟာ အခုလည်း စပိန်ကလပ် တစ်သင်းနဲ့ပါ အံ့အားသင့်ဖွယ် သတင်းထွက်လာခဲ့ပါတယ်။

ဒီတစ်ကြိမ် ဒီဂီယာနဲ့ သတင်းထွက်လာတာကတော့ လာလီဂါ ဟိုက်ပါမိုးရှင်းဆိုတဲ့ စပိန် ဒုတိယတန်းလိဂ်ကလပ် အယ်လ်ဒန်ဆီအသင်းဖြစ်ပြီး အဲ့ဒီ ဒုတိယတန်းမှာတောင် အဆင့် (၁၁)နေရာထိ ရောက်ရှိနေတဲ့ အသင်းဖြစ်ပါတယ်။

Photo Credit : SPORT

Marca ကနေ ဖော်ပြလာခဲ့တဲ့ သတင်းတွေအရ အသက် (၃၃)နှစ်အရွယ် ဂိုးသမား ဒီဂီယာဟာ ဗလင်စီယာ အခြေစိုက်ကလပ်အသင်းရဲ့ အကြီးတန်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကပဲ လုပ်ဆောင်ခဲ့ပြီး အသင်းရဲ့အနာဂတ် ပရောဂျက်တွေကိုလည်း စိတ်ဝင်တစား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆက်လက် ဖော်ပြထားမှုမှာတော့ ဒီဂီယာဟာ အယ်လ်ဒန်ဆီအသင်းမှာ ကစားသမားအဖြစ် ကျင်လည်ဖို့ထက် အသင်းရဲ့ ရှယ်ယာရှင်အဖြစ်နဲ့ပါ တာဝန်ယူဖို့လည်း ရှိနေတာကြောင့် အသင်းရဲ့ ရှယ်ယာတချို့ကို ဝယ်ယူနိုင်ဖွယ်လည်း ရှိနေတယ်လို့ သိရှိရပါတယ်။