မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ဒီဂီယာကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားပေးခဲ့ပြီး သူရဲ့အမှားတွေကြောင့် ချယ်လ်ဆီးဘက်ကနေ သွင်းယူခဲ့တဲ့ ဂျရှးရဲ့ပထမဂိုးနဲ့ မေဆန်မောင့်ရဲ့ ဒုတိယသွင်းဂိုးတို့ ခွင့်ပြုခဲ့ရတာကြောင့် ယူနိုက်တက်အသင်းကို အားပေးသူ ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ ဒီဂီယာကို ဝေဖန်ပြစ်တင်မှုတွေများစွာ ပြုလုပ်လာခဲ့ကြပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်အသင်းရဲ့ဂိုးသမားတစ်ယောက်အဖြစ် ရပ်တည်ခဲ့တာ ဆယ်နှစ်နီးပါးလောက် ရှိနေခဲ့ပြီဖြစ်ပြီး ဒီနောက်ပိုင်းနှစ်တွေမှာတော့ သူရဲ့လက်စွမ်းပိုင်းတွေက တဖြည်းဖြည်းအကျဘက်ကို ရောက်လာခဲ့ကာ ပွဲတချို့မှာဆိုရင်လည်း မမှားသင့်တဲ့ အမှားမျိုးတွေကို ကျူးလွန်မိတာမျိုးတွေ ဖြစ်တတ်လာခဲ့ပါတယ်။ အခုလည်း အသင်းရဲ့ ဒီရာသီ ဖလားတစ်လုံး မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားတဲ့ အက်အေဖလားရဲ့ ဆီမီးဖိုင်နယ်ပွဲမှာလည်း သူရဲ့ဂိုးဖမ်းယူပုံ မသေသပ်မှုတွေကနေ ပြိုင်ဘက်ချယ်လ်ဆီးအသင်းကုုိ သွင်းဂိုး(၂)ဂိုး ခွင့်ပြုပေးခဲ့ရလို့ အသင်းလည်း ပွဲအပြီးမှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။

Photo Credit : Time Focus

သူရဲ့ပေါ့ဆမှု အမှား(၂)ခုနဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်းတွေနဲ့ ယူနိုက်တက်ပရိသတ်တွေက ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်လာကြသလို ပြိုင်ဘက်အသင်းရဲ့ ပရိသတ်တွေကလည်း ဒီဂီယာကို လှောင်ပြောင်မှုတွေ ပြုလုပ်လာပါတယ်။ မန်စီးတီးပရိသတ်တစ်ဦးက ဒီဂီယာထက် သူတို့အသင်းရဲ့နောက်ခံအစွန်လူ ကိုင်းလ်ဝေါ်ကာတောင် ဂိုးပိုဖမ်းတတ်သေးတယ်လို့ လှောင်ပြောင်ခဲ့သလို ဒီဂီယာနဲ့ကယ်ပါတို့လို ဂိုးသမားတွေ ပိုင်ဆိုင်ထားတဲ့ စပိန်လက်ရွေးစင်အသင်းအတွက် ရင်လေးစရာကောင်းတယ်လို့လည်း လူမှုကွန်ယက်သုံးစွဲသူတစ်ဦး မှတ်ချက်ပြုခဲ့ပါတယ်။ အင်္ဂလန်ကစားသမားဟောင်းကြီး ရှီးယားကလည်း ဒုတိယဂိုးနဲ့ပတ်သက်ပြီး ဒီဂီယာကာကွယ်နိုင်သင့်တယ်လို့ ဝေဖန်ခဲ့သလို ယူနိုက်တက်ကစားသမားဟောင်း ဖီးလ်နဖီးကလည်း ဒုတိယဂိုးပေးလိုက်ရပုံက ရုပ်ဆိုးလွန်းတယ်လို့ ပြစ်တင်သွားခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း နောက်ပွဲတွေမှာ ဒီဂီယာကို ဆက်လက်မမြင်တွေတော့လိုကြောင်း ပြောဆိုလာခဲ့သလို လာမယ့်ရာသီမှာ ဒင်းဟန်ဒါဆန်ကို နေရာပေးကိုပေးသင့်နေပြီလို့လည်း မှတ်ချက်ပြုပြောဆိုလာခဲ့ပါတယ်။