မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ၂၀၂၃ နွေရာသီကတည်းကနေ လက်ရှိအချိန်အထိ ကလပ်အသင်းသစ် မရှိသေးပဲ ကလပ်အသင်းလက်မဲ့ အဖြစ်နဲ့သာ ဆက်ရှိနေရတဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ အခုတော့ စ်ီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပြန်ပြီ ဖြစ်ပါတယ်။
အသက် (၃၃)နှစ်အရွယ် စပိန်လက်ရွေးစင်ဟောင်း ထိပ်တန်း ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်မှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ကျင်လည်ခဲ့ပြီး အသင်းအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့ပေမယ့်လည်း ၂၀၂၃နွေမှာပဲ အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရပါတယ်။
Photo Credit : Sky Sports
ဒီဂီယာဟာ နောက်ပိုင်းနှစ်တွေထဲ လက်စွမ်းပိုင်း မတည်ငြိမ်မှု အားနည်းလာမှုတွေကြောင့် ယူနိုက်တက်ဘက်က သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ပဲ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ပြုလိုက်တာ ဖြစ်ပေမယ့် သူ့လို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဂိုးသမားတစ်ဦးကို free transfer နဲ့ ခေါ်ယူနိုင်မှာကိုတော့ ကလပ်အသင်းတွေက စိတ်ဝင်စားကြပါတယ်။
ဒါပေမယ့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေက သူရဲ့ မြင့်မားလှတဲ့ လုပ်ခလစာကြောင့် အခက်တွေ့ရသလို နံပါတစ် ဂိုးသမားအဖြစ် အာမခံချက် မပေးနိုင်တာတွေကြောင့်လည်း အသင်းပေါင်းစုံနဲ့ သတင်းတွေ ထွက်သလောက် တကယ့်တကယ် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ခက်ခဲနေရပါတယ်။ မကြာသေးခင်ကလည်း ဒီဂီယာဟာ စီးရီးအေကလပ် ဂျီနိုအာအသင်းနဲ့ သတင်းထွက်ခဲ့ပေမယ့် လစာကိစ္စကြောင့်ပဲ ဂျီနိုအာက တခြား ဂိုးသမားတစ်ဦးကိုသာ ရွေးချယ်လိုက်ပါတယ်။
Photo Credit : Eurosport
လုပ်ခလစာကို မက်မောလောက်စရာ ပမာဏတွေနဲ့ ကမ်းလှမ်းလာနိုင်တဲ့ ဆော်ဒီလိဂ်နဲ့ မေဂျာလိဂ်အသင်းတွေဆီ မသွားချင်ပဲ ဥရောပ ကလပ်အသင်းတွေမှာသာ ကျင်လည်ချင်နေတဲ့ ဒီဂီယာကို အခုတော့ နောက်ထပ် စီးရီးအေ ကလပ်အသင်းဖြစ်တဲ့ ဖီအိုရင်တီးနားအသင်းက စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းမီဒီယာ Relevo ကနေ ဖော်ပြလာပါတယ်။
ဖီအိုရင်တီးနားအသင်းဟာ လက်ရှိ အသင်းမှာ ဂိုးသမား (၃)ဦးအထိ ရှိနေပေမယ့် ဒီဂီယာလို နာမည်ကျော် ဂိုးသမားတစ်ဦး အသင်းဆီ အားဖြည့်နိုင်မယ်ဆိုရင် အသင်းအတွက် အကျိုးရှိလာစေနိုင်တာဖြစ်လို့ ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး ဖီအိုရင်တီးနားက ကွန်းဖရန့်စ်လိဂ်လို ဥရောပပြိုင်ပွဲကို ဆင်နွဲခွင့် ရထားတဲ့ အသင်းဖြစ်လို့ ဒီဂီယာအတွက် ရွေးချယ်ချင်စရာ ဖြစ်လာနိုင်ပါတယ်။