ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စနေနေ့ည နောက်ဆုံးပွဲစဉ်မှာတော့ ဘရန့်ဖို့ဒ်က နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင် ဘရန့်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက်ကို မာမာထန်ထန် တုန့်ပြန် ကစားသွားနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာနဲ့ ခံစစ်မှူးတွေရဲ့ အမှားတွေကြောင့် ဘရန့်ဖို့ဒ်က ပွဲကစားချိန် ပထမပိုင်းမှာပဲ သွင်းဂိုး ၄ဂိုးစလုံးကို အလွယ်တကူ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: News TV USA

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဆိုပါ အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ ကြီးမားတဲ့ အမှားအယွင်း ၂ခုက အဓိက အရေးပါခဲ့ပြီး ဒီဂီယာရဲ့ အလွယ်တကူ ဖမ်းနိုင်ရမယ့် ဘောလုံးကို မဖမ်းနိုင်မှုနဲ့ လူပေးမှားမှုတို့ကြောင့်ပဲ ယူနိုက်တက်တို့က ဘရန့်ဖို့ဒ်ဘက်ကို ပထမဦးဆုံး ဦးဆောင်ဂိုး ၂ဂိုးစလုံး ခွင့်ပြုပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

ဦးဆောင်ဂိုး ၂ဂိုးကို အလွယ်တကူ ခွင့်ပြုပေးခဲ့ရပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံက ပျက်စီးသွားခဲ့တာကြောင့် နောက်ထပ် သွင်းဂိုး ၂ဂိုးကိုပါ သိပ်မကြာခင် အချိန်တွေမှာ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပြီး ဘရန့်ဖို့ဒ် ၄-၀ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက် အတွက် ဗီလိန်ဖြစ်ခဲ့တဲ့ ဒီဂီယာက သူ့ကြောင့်သာ ယူနိုက်တက်ဟာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ကြောင်း ဝန်ခံသွားပါတယ်။

Photo Credit: News TV USA

ဒေးဗစ် ဒီဂီယာက – “ကျွန်တော့်ကြောင့် ဒီနေ့ပွဲမှာ အသင်းက ရမှတ် ၃မှတ်နဲ့ ဝေးကွာခဲ့ရတာပါ။ ဒီနေ့ပွဲမှာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်က အရမ်းကို နိမ့်ကျခဲ့ပါတယ်။ ဒီနေ့က ကျွန်တော့်အတွက် စိတ်ပျက်စရာ ကောင်းလွန်းသလို ဆိုးရွားတဲ့ နေ့တရက်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။

ဘရန့်ဖို့ဒ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲစလုံးကို အရေးနိမ့်ထားပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂) ပြီးဆုံးချိန်မှာ ရမှတ် ၀ ၊ ပေးဂိုး ၆ဂိုး ၊ ရဂိုး ၁ဂိုးနဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးအဆင့်ကို ရောက်ရှိနေပါတယ်။