MySport Myanmar

ဒီဂီယာကိုပါ ဆော်ဒီကလပ်တွေက ကမ်းလှမ်းမှုများ ပြုလုပ်ထား

ဒီနွေဈေးကွက်မှာ နာမည်ကျော် ကစားသမားကြီးတွေ လက်ရှိကလပ်တွေနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ထိပ်တန်း ကစားသမားတွေကို မက်မောလောက်စရာ လစာတွေပေးပြီး ခေါ်ယူနေတဲ့ ဆော်ဒီကလပ်အသင်းတွေက လက်ရှိမှာ မန်ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ဒေးဗစ်ဒီဂီယာကိုပါ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဒီရာသီမှာ ယူနိုက်တက်အတွက် clean sheets (၁၇)ကြိမ် ရယူရင်း ပရီးမီးယားလိဂ်ရဲ့ ရွှေ့လက်အိတ်ဆုကိုပါ ပိုင်ဆိုင်ခဲ့ရတဲ့ ဒီဂီယာဟာ သူရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့ တကယ့် ပွဲကြီးတွေမှာ အမှားကျူးလွန်မှုတွေကြောင့် ယူနိုက်တက် ပရိသတ်တွေက ဒီဂီယာအပေါ် စိတ်ပျက်နေကြပြီး အသင်းရဲ့ ဒီဂီယာ ဆက်မရှိသင့်တော့ဘူးလို့ပါ ပြောဆိုလာခဲ့ပါတယ်။ သူရဲ့ လက်ရှိစာချုပ်ဟာလည်း ဒီလအတွင်းမှာပဲ ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကရော ဒီဂီယာဘက်ကပါ သက်တမ်းတိုးသွားချင်နေပေမယ့် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကပါ ဒီဂီယာကို သက်တမ်းတိုးနိုင်ခဲ့မယ်ဆိုရင်တောင် ဒီဂီယာနဲ့အပြိုင် ဂိုးသမားတစ်ဦး ထပ်မံ ခေါ်ယူသွားရမယ်လို့ အသိပေးခဲ့တာကြောင့် ဒီဂီယာအနေနဲ့ အသင်းမှာ သက်တမ်းတိုးပြီးတာတောင် နေရာပျောက်ဖို့က အခြေအနေ များနေရပါတယ်။

Photo Credit : The Independent

ဒီလို အခြေအနေကို သိနေတဲ့ ဆော်ဒီကလပ်တွေက ဒီဂီယာအတွက် တစ်လုပ်လုပ်ခအဖြစ် လုံးဝ ငြင်းဆန်ရခက်မယ့် ပမဏနဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားပြီး ဒီကမ်းလှမ်းမှုအပေါ် ဒီဂီယာဘက်က ဘယ်လို တုံ့ပြန်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒါပေမယ့် ဒီဂီယာကိုယ်တိုင်က သူ့ကစားသမားဘဝရဲ့ အချိန်ပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ ယူနိုက်တက်မှာပဲ ဆက်လက် ရှိနေချင်သေးပြီး သူရဲ့လုပ်ခလစာကိုပါ လျှော့ချပေးသွားဖို့ပါ ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်ကလည်း ဒီဂီယာကို သက်တမ်းတိုးပြီး အသင်းမှာ ဆက်ထိန်းထားချင်ပေမယ့်လည်း ဒီဂီယာနဲ့အပြိုင် ပွဲထွက်ခွင့် နေရာအတွက် အပြိုင်အဆိုင် ဖြစ်နေမယ့် ဂိုးသမားသစ်တစ်ဦးကိုပါ ခေါ်ယူ အားဖြည့်ချင်နေပါတယ်။ သေချာတာက ယူနိုက်တက် ခေါ်ယူမယ့် ဂိုးသမားဟာ တန်ဟက်ဂ် စိတ်ကြိုက် ဂိုးသမား ဖြစ်နေမှာမို့ ဒီဂီယာထက်လည်း နေရာပိုရနိုင်တဲ့အတွက် ဒါတွေနဲ့ ပတ်သက်ပြီး ဒီဂီယာက သူ့အနာဂတ်အတွက် သေချာ စဉ်းစားနိုင်ဖွယ် ရှိပါတယ်။

Exit mobile version