မန်ယူ ဂိုးသမား ဒီဂီယာဟာ စပိန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ် ရောဂါကို တိုက်ဖျက်ဖို့အတွက် ယူရို (၃) သိန်း၊ မြန်မာငွေနဲ့ ဆိုရင် ကျပ် သိန်း (၄) ထောင်ခွဲကျော်ကို အမည်မဖော်ဘဲ လှူဒါန်းခဲ့ပြီး မက်ဒရစ် အဖွဲ့အစည်း (Community of Madrid) ဥက္ကဌက ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။ စပိန်နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကို ပြင်းထန်စွာ ခံစားနေရတဲ့ နိုင်ငံ ဖြစ်ပြီး လက်ရှိမှာတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရသူ (၅၈,၀၀၀) နဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သေဆုံးသူ (၄,၀၀၀) ကျော် ရှိနေပြီ ဖြစ်တယ်လို့ စပိန် အခြေစိုက် သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Goal

မန်ယူ ဂိုးသမား နဲ့ စပိန် လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ စပိန်နိုင်ငံသား ဖြစ်ပြီး စပိန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ် ရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် ယူရို (၃) သိန်း၊ မြန်မာငွေ ကျပ် သိန်း (၃) ထောင်ခွဲကျော်ကို လှူဒါန်းခဲ့ပြီး ဥက္ကဌ အယူဆိုက ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ လူမှုကွန်ရက် တွစ်တာမှာ မက်ဒရစ် အဖွဲ့အစည်း ဥက္ကဌ ဖြစ်သူ အယူဆို (Ayuso) က “ဒီဂီယာ ကျေးဇူးတင်ရှိပါတယ်။ Communidadmardid အတွက် ရှင့်ရဲ့ ကြီးမားတဲ့ ကူညီမှုက ကိုဗစ် (၁၉) ကို တိုက်ဖျက်ရေးမှာ အဓိကပါပဲ။ ကျေးဇူးတင်ပြီး ဂုဏ်ယူပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Photo Credit: Goal

ရီးရဲလ်အသင်းကလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူတို့ရဲ့ အိမ်ကွင်း ဘာနေဗျူးကွင်းကို ဆေးဝါးတွေ နဲ့ အလှူပစ္စည်းတွေ ထားဖို့အတွက် အသုံးပြုခွင့်ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပြီး အခြား နာမည်ကြီး ဘောလုံး ကစားသမားတွေလည်း လှူဒါန်းမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ လတ်တလော လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတဲ့ သူတွေမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၊ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာ၊ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒို၊ ရီးရဲလ် နောက်ခံလူ ရာမို့စ် နဲ့ ဘိုင်ယန် မြူးနစ် တိုက်စစ်မှူး လီဝန်းဒေါ့စကီး စတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ စပါး နည်းပြ မော်ရင်ဟိုကလည်း လူအင်အားနဲ့ ပါဝင်အားဖြည့်ခဲ့ပြီး အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က လိုအပ်တဲ့ သူတွေကို အစားအသောက်တွေ ကိုယ်တိုင် လိုက်ဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။