MySport Myanmar

ဒီဂီယာကို လာမယ့် ဘောလုံးရာသီမှာ ဘက်တစ် ဂိုးသမားအဖြစ် မြင်တွေ့ရဖွယ် ရှိနေ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်းကြီး ဒေးဗစ် ဒီဂီယာဟာ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ခဲ့ချိန်ကနေ စတင်ပြီး လက်ရှိအချိန်ထိ ကလပ်အသင်းမဲ့အဖြစ်သာ ရှိနေရပေမယ့် လာမယ့် ဘောလုံးရာသီမှာတော့ ကလပ်အသင်းသစ် တစ်သင်းနဲ့ တွဲဖက် မြင်တွေ့ရပါတော့မယ်။

အရည်အသွေးမြင့် စပိန်လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာကို ဘိုင်ယန်မြူးနစ် အင်တာမီလန် နယူးကာဆယ်တို့လို ထိပ်တန်းအသင်းတွေအပြင် ဆော်ဒီက အယ်လ်နာဆာ အယ်လ်အစ်တီဟတ်တို့လို အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က မဖြစ်ပေါ်ခဲ့ပဲ ရှိခဲ့ပါတယ်။

Photo Credit : Stretty News

ဒါက ဒီဂီယာရဲ့ လုပ်ခလစာ မြင့်မားလွန်းမှုကြောင့်လည်း ဖြစ်နိုင်သလို ဒီဂီယာကိုယ်တိုင်ကလည်း သူ့ကို လာရောက် ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတွေအပေါ် စိတ်တိုင်းမကျတာတွေကြောင့် ပယ်ချခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် လာမယ့်ဘောလုံးရာသီမှာတော့ ဒီဂီယာကို လာလီဂါကလပ် ရီးယဲလ် ဘက်တစ်အသင်းရဲ့ ဂိုးသမားအဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဘက်တစ်အသင်းဟာ လက်ရှိမှာ ရူအီ ဆေးလ်ဗားဆိုတဲ့ ပေါ်တူဂီ ဂိုးသမားနဲ့ ကလော်ဒီယို ဘရာဗိုဆိုတဲ့ ချီလီ ဝါရင့် ဂိုးသမားကြီး နှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit : Football365

အသက် (၄၁)နှစ်အရွယ် မန်စီးတီး ဂိုးသမားဟောင်းကြီး ဘရာဗိုက ဒီရာသီအကုန်မှာပဲ ဘက်တစ်နဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးပြီမို့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာတော့မှာ ဖြစ်သလို လက်ရှိ အသင်းရဲ့ ပင်တိုင် ဂိုးသမား ရူအီ ဆေးလ်ဗားကလည်း လာမယ့်နွေမှာပဲ အသင်းပြောင်းဖို့ ရှိနေပါတယ်။

ဒီအချိန်မှာ ဘက်တစ်အနေနဲ့ ဂိုးသမားပိုင်းအတွက် အားဖြည့်တင်းမှုတွေ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်လာတဲ့အတွက် အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးဖြစ်သူ ဒီဂီယာကို ခေါ်ယူသွားဖွယ် ရှိနေသလို ဒီဂီယာကလည်း သူ့အတွက် ပွဲကစားခွင့် ပိုမို ရရှိနိုင်မယ့် ဘက်တစ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့လည်း အခြေအနေများနေပါတယ်။

Exit mobile version