MySport Myanmar

ဒီဂီယာ နဲ့ မန်ယူတို့ စာချုပ်ကိစ္စ ဆက်လက် ဆွေးနွေးနေဆဲ ရှိနေ

နာမည်ကျော် ဘောလုံးသတင်းထောက်ကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်တွေအရ မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ အသင်းနဲ့ ဆက်လက် လက်တွဲလိုနေသလို ယူနိုက်တက်ဘက်ကလည်း ဒီဂီယာကို အသင်းမှာပဲ ဆက်ထိန်းထားချင်နေတဲ့အတွက် စာချုပ်ကိစ္စကို ဆက်လက် ညှိနှိုင်းနေဆဲ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

စပိန် ဝါရင့် ဂိုးသမားကြီး ဒီဂီယာဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်လို့ သူ့ကို သက်တမ်းတိုးဖို့အတွက် လုပ်ဆောင်နေကြရာ လက်ရှိအချိန်ထိတော့ သဘောတူညီမှု တစ်စုံတစ်ရာ မရရှိထားသေးပေမယ့်လည်း အပြုသဘောဆောင်တဲ့ တိုးတတ်မှုတွေ ရှိနေပြီဖြစ်လို့ အမြန်ဆုံး သဘောတူညီမှု ရရှိဖို့ အသင်းဘက်ကရော ကစားသမားဘက်ကပါ မျှော်လင့်နေကြပါတယ်။

Photo Credit : Man Utd News

အသက်(၃၂)နှစ်အရွယ် အသင်းရဲ့ သက်တော်ရှည် ကစားသမား ဒီဂီယာအနေနဲ့ အသင်းနဲ့ ဆက်လက် လက်တွဲဖို့အတွက် လက်ရှိ ရရှိနေတဲ့ လစာထက် လျှော့ယူမှ အဆင်ပြေနိုင်မယ်ဆိုတဲ့ အချက် ရှိနေတယ်ဆိုပေမယ့်လည်း သူရဲ့ ဒီရာသီ လက်စွမ်းတွေနဲ့ အသင်းနည်းပြ တန်ဟက်ဂ်ရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးအပါအဝင် ဖြစ်နေရတာတွေကြောင့် လစာပမာဏကို မပြောင်းလဲပဲသာ သက်တမ်းတိုးချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ သူရဲ့ လစာနဲ့ စာချုပ်သက်တမ်း ပမာဏတွေအတွက် ဆက်လက် ညှိနှိုင်းနေရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

တန်ဟက်ဂ်ကတော့ ဒီဂီယာကို သက်တမ်းတိုးပြီးသည့်တိုင်အောင် ပွဲထွက် ဂိုးသမားနေရာအတွက် ဒီဂီယာနဲ့ အပြိုင်အဆိုင် ဖြစ်နေနိုင်မယ့် ဂိုးသမားတစ်ဦးလောက်ကို လာမယ့် ဈေးကွက်ထဲမှာ ခေါ်ယူသွားဖို့ ဆန္ဒရှိနေပေမယ့်လည်း အသင်းမှာက ဂိုးသမားနေရာထက် တခြားသော နေရာ(ဥပမာ အထောင်တိုက်စစ်နေရာ)တွေအတွက် ငွေကြေးသုံးစွဲရဦးမှာဖြစ်လို့ နာမည်ကြီး ဂိုးသမားမျိုး ခေါ်ယူဖွယ် မရှိနိုင်ဘူးလို့ သိရပါတယ်။

 

Exit mobile version