MySport Myanmar

ဒီဘရိုင်း ဟွိုင်းလန်းတို့နဲ့ နာပိုလီက ချန်ပီယံ ထပ်ဖြစ်ဦးမယ်လို့ ဒီကာနီယို ဆို

အီတလီတိုက်စစ်မှူးဟောင်း ပေါ်လို ဒီကာနီယိုက နာပိုလီအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အကောင်းဆုံး ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နိုင်ခဲ့ပြီး စီးရီးအေချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။

လက်ရှိ စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ ရာသီအဖွင့်ပွဲစဉ် (၂)ပွဲစလုံးကို အနိုင်ရရှိထားပြီး အမှတ်ပေးဇယားကို (၆)မှတ်နဲ့ ဦးဆောင်နေပါတယ်။ ဒီကာနီယိုက နာပိုလီရဲ့ အပြောင်းအရွှေ့လုပ်ဆောင်မှုတွေဟာ ထိပ်တန်းအဆင့်ဖြစ်ခဲ့ပြီး ဒုတိယအကြိမ်ဆက်တိုက် စကူဒက်တိုဆုကို ရယူနိုင်ဖို့ လိုအပ်တဲ့အရာအားလုံးကို ပိုင်ဆိုင်ထားပြီလို့ ယုံကြည်နေပါတယ်။

Photo Credit : Goal

နာပိုလီအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲကို နောက်ကျမှဝင်ရောက်လာခဲ့ပေမယ့် သူတို့ရဲ့ငွေတွေကို တန်ဖိုးကြီးတဲ့ ကစားသမားတွေအတွက် မှန်မှန်ကန်ကန် သုံးစွဲနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဝါရင့်ကစားသမားကြီး ကီဗင် ဒီဘရိုင်းကို ခေါ်ယူလိုက်ခြင်းဟာ အကောင်းဆုံးဥပမာတစ်ခုပါပဲ။ သူဟာ ချန်ပီယံလိဂ်အတွေ့အကြုံအပြည့်အဝရှိပြီး ပွဲကြီးတွေရဲ့ဖိအားကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ သက်သေပြပြီးသား ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် နာပိုလီဟာ တိုက်စစ်မှူး လူကာကူ ဒဏ်ရာရသွားပြီးနောက်မှာ ရက်စ်မက်စ် ဟွိုင်းလန်းကိုပါ အောင်မြင်စွာခေါ်ယူနိုင်ခဲ့ပါတယ်။ သူဟာ အတ္တလန်တာအသင်းနဲ့ စီးရီးအေမှာ သူ့ရဲ့အရည်အသွေးကို သက်သေပြခဲ့ပြီးဖြစ်သလို ပွဲဦးထွက်ရာသီမှာပဲ (၁၀)ဂိုးသွင်း (၄)ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပါတယ်။

ဒီကာနီယိုက တခြားစီးရီးအေကလပ်တွေဟာ နာပိုလီလိုမျိုး ချက်ချင်းအသုံးပြုနိုင်မယ့် ထိပ်တန်း firepower တွေကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ချန်ပီယံဆုပြေးပွဲမှာ ကွာခြားသွားနိုင်တယ်လို့ ဆိုပါတယ်။ La Stampa သတင်းစာနဲ့ အင်တာဗျူးမှာ ဒီကာနီယိုက “နာပိုလီက ရေပန်းအစားဆုံးအဖြစ် ဆက်ရှိနေတုန်းပါပဲ။ တခြားအသင်းတိုင်း အရေးကြီးတဲ့ခေါ်ယူမှုတွေ လုပ်ခဲ့ကြပေမယ့် ပွဲထွက်ကစားသမားအဆင့်ကို ရှာတွေ့တဲ့အသင်းက နည်းနည်းလေးပဲရှိတယ်။ အဲ့ဒီထဲမှာ နာပိုလီက ထိပ်ဆုံးနေရာက ဦးဆောင်နေတာကို ကျွန်တော်မြင်တယ်”

Photo Credit : Goal

“ဘာလို့လဲဆိုတော့ ခင်ဗျား ချန်ပီယံဖြစ်ပြီးတဲ့အခါမှာ နည်းစနစ်ပိုင်းဆိုင်ရာဝန်ထမ်းတွေ ကလပ်အသင်းနဲ့ နည်းပြတို့ကြားက ဆက်ဆံရေးက တစ်သားတည်းကျပြီး အလွန်အမင်း အချိတ်အဆက်မိနေမယ်ဆိုရင် ခင်ဗျားက အမြဲတမ်း ရှေ့ကနေစတင်နိုင်မှာပါ။ နာပိုလီက အဲ့ဒီတည်ငြိမ်မှုကို ရှာတွေ့ခဲ့ပြီး ပစ်မှတ်ထားတဲ့ ကစားသမားတွေကိုပဲ ထပ်ပေါင်းထည့်လိုက်ရုံပါပဲ။ နည်းပြ ကွန်တီကလည်း သူတောင်းဆိုတဲ့အရာတွေကို ဒီမှာရနိုင်မယ်ဆိုတာ နားလည်လို့ပဲ အသင်းမှာဆက်နေခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။

နာပိုလီအသင်းဟာ လာမယ့်လိဂ်ပွဲစဉ်အဖြစ် ဖီအိုရင်တီးနားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာလ (၁၉)ရက်နေ့မှာ မန်ချက်စတာမြို့ကို သွားရောက်ပြီး ဒီဘရိုင်းနားရဲ့ အသင်းဟောင်း မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Exit mobile version