မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ် ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းက နယူးကာဆယ် နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မိနစ် အနည်းငယ်ခန့် ပါဝင်ကစားသွားရင်း အဖိုးတန် ချေပဂိုးကို ကိုယ်တိုင် သွင်းယူခဲ့သလို အရေးပါတဲ့ အနိုင်ဂိုးကိုလည်း အကောင်းဆုံး ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ကစားသမားကြီး ဒီဘရိုင်းနားဟာ ဒဏ်ရာပြသာနာကြောင့် လအတန်ကြာ အနားယူနေရတာဖြစ်ပြီး ဟတ်ဒါဖီးလ်နဲ့ ကစားခဲ့ရတဲ့ FA Cup တတိယအဆင့် ပွဲစဉ်မှသာ မန်စီးတီးအတွက် ပထမဆုံးအကြိမ် ပြန်လည် ကစားပေးနိုင်တာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဒါ့အပြင် ဒီဘရိုင်းဟာ မနေ့ညက နယူးကာဆယ်နဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် ပွဲချိန် (၂၂)မိနစ်သာ ကစားသွားခဲ့ရင်း သွင်းဂိုးတစ်ဂိုး နဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်ပါ လုပ်ဆောင်ပေးသွားခဲ့ပြီး သူဟာ ဘယ်လောက်အထိ စွမ်းဆောင်မှုကောင်းတွေ လုပ်ဆောင်ပြနိုင်သေးလဲ ဆိုတာကို သက်သေပြသသွားခဲ့ပါတယ်။

“ဒါက ရူးလောက်စရာကြီး။ ကျွန်တော် ဒီအခိုက်အတန့်တွေကို လွမ်းဆွတ်နေရတာ။ ကျွန်တော် ဒဏ်ရာ ဆိုးဆိုးရွှားရွှား ရရှိခဲ့ပြီး ကျွန်တော့်အတွက် အချိန်လိုအပ်ခဲ့ပါတယ်။ အခုလိုတွေ ပြန်ဖြစ်လာဖို့ ကွင်းကြီးအတွင်း ပြန်လည် ပါဝင်လာရဖို့အတွက် ကျွန်တော် အရမ်း ကြိုးစားခဲ့ရပါတယ်။”

Photo Credit : The Independent

“တခြားအရာတွေ အားလုံးထက် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ အများကြီး ရလာအောင် လုပ်ဆောင်ခဲ့ရတာပါ။ အခုအချိန်မှာတော့ ကျွန်တော်က ပွဲချိန်ပြည့်လောက်အထိ ပါဝင်ကစားနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် မိနစ်(၂၀) (၂၅)မိနစ်လောက်တော့ သေချာ ကစားနိုင်ပါတယ်။ ဒါက မဆိုးပါဘူး။” လို့ ဒီဘရိုင်းက ဖွင့်ဟသွားခဲ့ပါတယ်။

ဒီဘရိုင်းက မန်စီးတီးအတွက် ပြန်ကစားနိုင်တဲ့ ပွဲစဉ် (၂)ပွဲအတွင်း သွင်းဂိုး (၁)ဂိုး ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နယူးကာဆယ်နဲ့ ပွဲစဉ်မှာတော့ ဒီဘရိုင်းဟာ တစ်ပွဲလုံးရဲ့ game changer အဖြစ် လက်ဖျားခါလောက်အောင် အကောင်းဆုံး စွမ်းဆောင်သွားခဲ့ပါတယ်။