ယမန်နေ့ညမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းဟာ မန်စီးတီးအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကို ၂နှစ်ဆက် အဖြစ် တက်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ ဖလားလေးလုံး အိမ်မက်ဟာ အဆုံးသတ်ခဲ့ရသလို အသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းဟာလည်း ခြေကျင်းဝတ်ဒဏ်ရာကို ရသွားတာကြောင့် မန်စီးတီးအသင်း အတွက် အဆုံးအရှုံးများခဲ့တဲ့ ပွဲစဉ်တစ်ပွဲအဖြစ် သတ်မှတ်ရမှာ ဖြစ်ပြီး တစ်ဖက်မှာလည်း ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်သူ တူချယ်အတွက် အသင်းသစ်နဲ့ ပထမဦးဆုံး ဆုဖလား ရယူနိုင်ဖို့ ခြေတစ်လှမ်း နီးစပ်သွားခဲ့ပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်မှာ အသင်းနှစ်သင်းရဲ့ ခြေစွမ်းဟာ မတိမ်းမယိမ်း အနေအထားမှာ ရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားဖြစ်သူ ကီပါရဲ့ လက်စွမ်း ၊ အနိုင်ဂိုးရှင်ဖြစ်တဲ့ ဇီရက်ဇ်ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တာပါ။ အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်း အတွက် တစ်လုံးထဲသော သွင်းဂိုးကိုတော့ ဇီရက်ဇ်က ပွဲကစားချိန် ၅၅မိနစ်မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ဒီဘရိုင်းကတော့ ဒုတိယပိုင်း ပွဲကစားချိန် အစမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး လူငယ်ကြယ်ပွင့်ဖြစ်တဲ့ ဖိုဒန်နဲ့ လူစားလဲခဲ့ရပါတယ်။

Photo Credit: Metro

ဒီဘရိုင်းရဲ့ ဒဏ်ရာဟာ အနည်းငယ် ပြင်းထန်တဲ့ အနေအထားမှာ ရှိတာကြောင့် ဒီဘရိုင်းဟာ လာမယ့် အပတ်မှာ ကစားရမယ့် စပါးအသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲစဉ်အပြင် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကိုပါ လွဲချော်ဖွယ် ရှိကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာကလည်း ဒီဘရိုင်းရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်ဖွယ်ရှိကြောင်းကို ပွဲအပြီးမှာ ဝန်ခံသွားပါတယ်။ ဂွာဒီယိုလာက – “သူက ဒဏ်ရာကြောင့် နာကျင်ခဲ့ပါတယ်။ မနက်ဖြန်မှာတော့ သူ့ရဲ့ဒဏ်ရာကို ဆရာဝန်တွေနဲ့ ပြသသွားမှာပါ။ သူ့ရဲ့ဒဏ်ရာက အခြေအနေ ကောင်းတဲ့ပုံတော့ မပေါ်ပါဘူး။ ဒါပေမယ့် မနက်ဖြန်မှာတော့ ကျွန်တော်တို့က သူ့ရဲ့ဒဏ်ရာအကြောင်းကို သိရမှာပါ” လို့ ပြောကြား သွားပါတယ်။